နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုပ္ပားဒေသထွက် နဂါးမောက်သီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလို ၆၅၀ ကျပ်သာ ရောင်းချနေရ

ကျောက်ပန်းတောင်း   ဇူလိုင်    ၂၂


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသထွက် နဂါးမောက်သီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလို ၆၅၀ ကျပ်သာ ရောင်းချနေရကြောင်း ဆင်ဆင်းကျေးရွာ  နဂါးမောက်ခြံစိုက်တောင်သူ ဦးအောင်ဝင်းထံက သိရသည်။

ပုပ္ပားဒေသထွက် နဂါးမောက်သီးများသည် အရည်အသွေးကောင်းမွန်သော်လည်း နဂါးမောက်သီးများ ခြံတိုင်းလှိုင်လှိုင်ထွက်ရှိချိန် ဈေးနှုန်းကျဆင်းသွားလေ့ရှိကြောင်း သိရပြီး နဂါးမောက်ခြံစိုက်ပျိုးခြင်းကို ပုပ္ပားကျေးရွာ၊ တောင်ကလပ်ကျေးရွာ၊ ပုပ္ပားလွင်ကျေးရွာ၊ ဆည်၊ နဂါးလည်ကျေးရွာ၊ လျှော်တော၊ ဆင်ဆင်း ကျေးရွာများတွင် စိုက်ပျိုးကြပြီး နဂါးမောက် အဖြူသီးနှင့်အနီသီးနှစ်မျိုးစိုက်ပျိုးကြကြောင်း လျှော်တော ကျေးရွာ နဂါးမောက်စိုက်တောင်သူ ဒေါ်စမ်းစမ်းမြင့်မှ ရှင်းပြသည်။

နဂါးမောက်ပင်များ နယုန်လတွင်စတင်ဖူးပွင့်ပြီး ကဆုန်လတွင်အသီးမှည့်၍ စတင်ရောင်းချရကြောင်း သိရပြီး ဖူးလိုက်၊ ပွင့်လိုက်၊ သီးလိုက်ဖြင့် ကဆုန်လမှတန်ဆောင်မုန်းလရောက်မှသာ နဂါးမောက်သီးရာသီ ပြီးဆုံးကြောင်း ဆင်ဆင်းကျေးရွာ နဂါးမောက်စိုက်တောင်သူ ဦးအောင်ဝင်းက ရှင်းပြသည်။

နဂါးမောက်ပင်များသည် ရေကြိုက်သော်လည်း ရေဝပ်သည်ကိုမနှစ်သက်ကြောင်း၊ အပင် ပင်စည်သည် နွယ်မျိုးပင်စည်ဖြစ်ကာ လေးလံခြင်းကြောင့် ကွန်ကရစ်တိုင်များဖြင့်ဖြစ်စေ၊ ခိုင်ခံ့သည့်သစ်သားတိုင်ဖြင့် ဖြစ်စေ၊ သံကြိုးတန်းကာ တစ်ပင်ချင်းဖြစ်စေ၊ အတန်းလိုက်ဖြစ်စေ၊ စင်ခံစိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ နဂါးမောက်သီးများပေါ်ချိန် ဈေးနှုန်းမှာတသမတ်တည်းမရှိဘဲ နဂါးမောက်သီးဆွတ်ခူးသည့် အသုတ်လိုက်သာ ဈေးနှုန်းအတက်အကျရှိတတ်ကြောင်း နဂါးမောက်သီးတစ်ခါသီးလျှင် ဈေးနှုန်းနှစ်မျိုးအမြဲရောင်းရတတ်ပြီး  တစ်ကီလို ၅၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ ရောင်းချရသည်များလည်းရှိကြောင်း၊ နဂါးမောက်သီးရောင်းချရာတွင်  Online မှာသာ ဈေးနှုန်းကြီးနေခြင်းဖြစ်ကြောင်း ဦးအောင်ဝင်းမှပြောကြားကာ ပုပ္ပားဒေသထွက်နဂါးမောက်  သီးများလှိုင်လှိုင်ပေါ်ချိန် တစ်ကီလို ၆၅၀ ကျပ်သာ ရောင်းချနေရကြောင်း ဒေါ်စမ်းစမ်းမြင့်ထံက သိရသည်။                                                                                         


ကိုထိန်(KPD)






အခြားဆက်စပ်သတင်းများ