ရန်ကုန် ဇူလိုင် ၂၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် Grade-10၊ Grade-11 အတန်းများကို ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဖွင့်လှစ်ရာတွင် ဆရာ၊ဆရာမ၊ကျောင်းသား၊ကျောင်းသူ၊မိဘများအဆင်ပြေချောမွေ့စေရေးအတွက်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှုအခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင်စာသင်ခန်း၊ ကျောင်းဝင်းအတွင်းတွင်၆ပေကွာစီစဉ်ထားရှိမှု၊ ကျောင်းအဝင်တွင် ၆ ပေကွာဝင်ရောက်၍ အပူချိန်တိုင်းခြင်း၊ အပူချိန်တိုင်းစက်များ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊မိဘများအနေဖြင့်Covid-19 ရောဂါကာကွယ်ရေးအတွက်လိုက်နာဆောင်ရွက်မှုအခြေအနေများကိုစစ်ဆေးခြင်းနှင့် ကျောင်းဝင်းသန့်ရှင်းသာယာရေး၊ခြင်အန္တရာယ်ကင်းရှင်းစေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့်ရေရရှိမှုအခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကိုထပ်မံ ဖြည့်ဆည်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ကျောင်းများဖွင့်လှစ်နိုင်ရေး အတွက်ကျောင်းဝင်းသန့်ရှင်းသာယာရေး၊ ခြင်ဆေးဖျန်းခြင်းနှင့် လိုအပ်သည်များကူညီပံ့ပိုးများကိုဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
တင်တင်ချိုပြန်/ဆက်