ဖားကန့် ဇူလိုင် ၂၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်တွင် ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်း ၃ နာရီခွဲအချိန်ခန့်က မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါမြေပြိုကျမှုဖြစ်ပွားခဲ့ရာတွင် လူမနေသည့် နေအိမ်(၁၂)လုံး၊ ကုမ္ပဏီပိုင် အဆောင်နှစ်လုံးနှင့် ဘက်ဟိုး(၁) စီး မြေပြိုသည့်အထဲ ပါသွားကြောင်း သိရသည်။
ယခုဖြစ်ပွားသည့် မြေပြိုမှုသည် ဝှေခါမှော် မှော်သစ်ကုန်း မြေပြိုမှုဖြစ်ပွားသည့်နေရာဖြစ်ပြီး တတိယအကြိမ် မြေပြိုခြင်းဖြစ်ကြောင်း သိရသည်။ ဝှေခါမှော်သည် ဇူလိုင် ၂ ရက်တွင် ပထမအကြိမ် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ အမြောက်အမြားသေဆုံးခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၁၀ ရက်တွင် မြေပြိုမှုဖြစ်ပွားခဲ့ကာ လူထိခိုက် သေဆုံးမှုမရှိခဲ့ပေ။
ယခုအခါတွင်လည်း တတိယအကြိမ်မြောက် မြေပြိုမှု ထပ်မံဖြစ်ပွားခဲ့သည်။ အဆိုပါနေရာတွင် မြေသား အက်ကြောင်းများဖြစ်ပေါ်နေသည့်အတွက် မှော်သစ်ကုန်း ၊ ခကျန်နှင့် လခူးချောင် စသည့်နေရာများတွင် နေထိုင်သူများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့က ကြိုတင်ပြောင်းရွေ့ ဆောင်ရွက်ထားသောကြောင့် ယခုတတိယအကြိမ်မြေပြိုခဲ့ရာတွင် လူသေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
အောင်အောင်