တံတားဦး ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းသို့ ပြည်တွင်း ဘုရားဖူးများ လာရောက်မှုများပြားလျက်ရှိရာ အင်းဝမြို့ဟောင်းရှိ မြင်းလှည်းဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်အဆင်ပြေလာကြောင်း သိရသည်။
အင်းဝမြို့ဟောင်းတွင် ယခုလ ၁၅ ရက်မှစတင်ကာ မြင်းလှည်း အစီး ၃ဝ ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်။ ယခင်က အိုးတုတ္တန်းတွင် မြင်းလှည်းဂိတ်ထိုးကာ ဝန်ဆောင်မှုပေးခဲ့ရာမှ လက်ရှိကာလတွင် မယ်နုအုတ်ကျောင်းတွင် ဂိတ်ထိုးကာ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ပြည်တွင်း ဘုရားဖူးများ မြင်းလှည်းဝန်ဆောင်မှုပေးရာတွင် မြင်းလှည်းတစ်စီး လူငါးဦးအထိ တင်ဆောင်ကာ လူဦးရေအလိုက် မြင်း လှည်းတစ်ခေါက်လျှင် ငွေ ကျပ် ၆ဝဝဝမှ ငွေကျပ် ၁ဝဝဝဝ အထိ ပေးရသည်။ မြင်းလှည်း ဝန်ဆောင်မှုပေးရာတွင် ဗားကရာကျောင်းမှလွဲ၍ အခြားနေရာများကို လိုက်လံပို့ဆောင်ပေးကြောင်း မြင်းလှည်းဝန်ဆောင်မှုပေးသူ ကိုစောထံမှ သိရသည်။
အင်းဝမြို့ဟောင်းမှာ အင်းဝမြို့ကို သတိုးမင်းဖျားက သက္ကရာဇ် ၇၂၆ တွင်စတင်တည်ခဲ့ပြီး မင်းဆက် (၃၁)ဆက် နှစ်ပေါင်းလေးရာခန့်ကြာမြင့်အောင် မြို့နန်းတည်ကာ ထီးနန်းစိုးစံခဲ့ သည့်နေရာ ဖြစ် သည်။
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် အားလျော်စွာလေ့လာစရာ စေတီများစွာ တည်ရှိသည်။ လက်ရှိကာလတွင် အင်းဝဒေသသို့ ပြည်တွင်းဘုရားဖူးများ လာရောက်မှုများပြားသည့်အတွက် မြင်းလှည်း ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်အဆင်ပြေလာကြောင်း သိရသည်။
မိုးခါး