လေးမျက်နှာ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၁၂) ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေး စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများအား ဇူလိုင် ၁၈ ရက်မှ ၂၀ ရက်အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ မိဘ ဆရာအသင်းမှကျောင်း၏ ကိုယ်စားလှယ်တို့ကအဖွဲ့သုံးဖွဲ့ခွဲ၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ အ-ထ-ကကျောင်းနှင့် အ-ထ-က(ခွဲ) ကျောင်းတို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထားသည့် ဆန်းစစ်မှုပုံစံ (Checklist)မှာပါဝင်သော အချက်ပေါင်း(၈၈)အား ဆန်းစစ်ကာ ပြည့်စုံမှု ရှိ/မရှိကို A,B,C အဆင့် ၃ ဆင့်ခွဲခြား သတ်မှတ်ထားပြီး A အဆင့်နှင့် ကိုက်ညီသည့် ကျောင်းများအား ဖွင့်လှစ်စေပြီး B နှင့် C ရရှိသော ကျောင်းများက လိုအပ်ချက်များကို နှစ်ရက်အတွင်း ဖြည့်ဆည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူ နှင့် မိဘများကျောင်းသို့မလာမီနှင့် လာရောက်စဉ်တွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ကျောင်းချိန်အတွင်း ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့်အချက်များကို ကြေညာပေးထားကြောင်း သိရှိရသည်။
ဝေဝေ(လေးမျက်နှာ)