နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိပိဋကဓရတိပိဋကကောဝိဒ စာမေးပွဲအောင်မြင်တော်မူကြသည့် တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ကျောက်ပန်းတောင်းဆရာတော် အပါအဝင် သာသနာအာဇာနည် အရှင်သူမြတ် ၁၀၆ ပါးတို့ကို အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည်ညို

ရန်ကုန် ဇူလိုင် ၂၀


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး ကျင်းပသော (၇၂) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ကျောက်ပန်းတောင်း ဆရာတော်အပါအဝင် သာသနာ့ အာဇာနည်အရှင်သူမြတ် ၁၀၆ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၂၀ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။ 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး အဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊  တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်များ၊  စာထောက်စာမ ဆရာတော်များ၊ တိပိဋကပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ ပင့်သံဃာတော်များ၊ (၇၂) ကြိမ်မြောက် တိပိဋ ကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့်ဇနီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက် ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ လှိုင်သာယာမြို့နယ် သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ပညိဿရာဘိဝံသထံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ သာရဏီယဩဝါဒကထာကို ဖတ်ကြားချီးမြှင့် တော်မူသည်။ 

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။ (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ သာသနာရေးဆိုင်ရာ လျှောက်ထားချက်များကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် (၇၂) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင် တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် များဆက်ကပ်ကြရာ တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ အရှင်ပညာဝံသာဘိဝံသအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပိဋက နှစ်ပုံခွဲ အာဂုံအောင် မူလအာဘိဓမ္မိကဘွဲ့ရ တစ်ပါး၊ ပိဋက နှစ်ပုံအောင် ဒီဃနိကာယကောဝိဒဘွဲ့ရ ၂ ပါး၊ ပိဋက နှစ်ပုံ အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ ၄ ပါး၊ ပိဋက တစ်ပုံ ရေးဖြေအောင် ဝိနယကောဝိဒဘွဲ့ရ ၅ ပါး၊ ပိဋက တစ်ပုံ အာဂုံအောင် ဝိနယဓရဘွဲ့ရ ၂၄ ပါး၊ ဝိနည်းပထမပိုင်း ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ ၉ ပါး၊ ဝိနည်းပထမပိုင်း အာဂုံအောင် ဥဘတောဝိဘင်္ဂဓရဘွဲ့ရ ၆၀ တို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကိုနှင့် ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက် မှတ်များ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်း ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်တွင် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီး ပေါ်ပေါက်လာရခြင်းသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲကျင်းပရာ၌ ပိဋက သုံးပုံ အာဂုံဆောင်သည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ရာ စတင်ကျင်းပသည့်နှစ်မှ ယခုနှစ် (၇၂) ကြိမ်မြောက်အထိ နှစ်စဉ်မပျက်ကျင်းပခဲ့ သည်။

ကျင်းပပြီးစီးခဲ့သည့် (၇၂) ကြိမ်အတွင်း ပထမဦးဆုံးသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသ အပါအဝင် သာသနာ့အာဇာနည် ၁၅ ပါးမျှ ပေါ်ထွန်းခဲ့၍ ယခုနှစ်ကျင်းပသည့် စာမေးပွဲ၌ ၁၅ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့ အာဇာနည်အရှင်မြတ်တစ်ပါး ထပ်မံပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိသည်။


သမ္မတဝက်ဘ်ဆိုက်မှကူးယူဖော်ပြသည်






အခြားဆက်စပ်သတင်းများ