ရန်ကုန် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်နေသည့် မန္တလေးတိုင်း ဒေသကြီး ဝန်ထမ်းအိမ်ရာအဆောက်အဦများ၏ ပျမ်းမျှပြီးစီးမှုရာခိုင်နှုန်းမှာ ၅၃ ရာခိုင်နှုန်းနှင့် Infrastructure လုပ်ငန်းများ၏ ပြီးစီးမှုရာခိုင်နှုန်းမှာ ၇၃ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာများကို မြို့နယ်ပေါင်း ၇ မြို့နယ်တွင် ၄ ခန်းတွဲ၊ ၄ ထပ်၊ ၁၃ လုံး၊ အိမ်ခန်းယူနစ်ပေါင်း ၂၀၄ ခန်း၊ ခရိုင်ရုံးတစ်ရုံး၊ Community Center အဆောက်အဦ တစ်လုံးနှင့် Infrastructure လုပ်ငန်း ၁၁ ခုဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် အဆောက်အဦများ၏ ပျမ်းမျှပြီးစီးမှုရာခိုင်နှုန်းမှာ ၅၃ ရာခိုင်နှုန်းနှင့် Infrastructure လုပ်ငန်းများ၏ ပြီးစီးမှုရာခိုင်နှုန်းမှာ ၇၃ ရာခိုင်နှုန်းဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနိုင်မှု အခြေ အနေမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၄၆၀ ခန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၄၇၆ ခန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၁၀၅၈ ခန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၂၀၄ ခန်းဆောင်ရွက်လျက်ရှိကြောင်း၊ ၄ နှစ်တာ ကာလအတွင်း ဝန်ထမ်းအိမ်ခန်းပေါင်း ၂၀၀၄ ခန်း ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ်အထိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အိမ်ခန်းပေါင်း ၄၀၄၄ ခန်းနှင့် အခြားဌာနများမှ ၂၂၀၉၄ ခန်း ဆောက်လုပ်ပြီးစီးခဲ့၍ စုစုပေါင်း ၂၆၁၃၈ ခန်းရှိပြီးဖြစ်ကြောင်း၊ ခန့်အပ်ဝန်ထမ်းအင်အားနှင့် နှိုင်းယှဉ်ပါက ၂၅ ဒသမ ၀၇ ရာခိုင်နှုန်း ဝန်ထမ်းလေးဦးလျှင် အိမ်ခန်းတစ်ခန်းနှုန်း ဝန်ထမ်းများကို အိမ်ခန်းများစီစဉ်ဆောင်ရွက်ပေးနိုင်ပြီဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဝန်ထမ်း သုံးဦးလျှင် အိမ်ခန်းတစ်ခန်းနှုန်း စီစဉ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညီမြင့်