ဇူလိုင် ၂၀၊ ဟာရာရီ
ပြီးခဲ့သည့်မတ်လနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးရန် ရည်ရွယ်ထုတ်ပြန်ထားသည့် စည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ဇင်ဘာဘွေနိုင်ငံတွင် လူ ၁၀၅၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ပြီးခဲ့သည့်နှစ်ရက်အတွင်း မလိုအပ်သည့် လှုပ်ရှားမှုပြုလုပ်ခြင်း သို့မဟုတ် နှာခေါင်းစည်းမတပ်ဆင်ခြင်းကြောင့် လူ ၁၀၀၀ နီးပါးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅၀၀ ကျော်ရှိသည့် ဇင်ဘာဘွေနိုင်ငံတွင် ကန့်သတ်မှုများကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးလျက်ရှိသည်။ သို့သော် ဇင်ဘာဘွေအစိုးရက ကန့်သတ်မှုစည်းမျဉ်းများကို အသုံးပြုပြီး အတိုက်အခံများကို ပစ်မှတ်ထားခြင်း၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းများလုပ်နေသည်ဟု ဝေဖန်သူများက စွပ်စွဲထားသည်။ သို့သော် အဆိုပါစွပ်စွဲချက်များကို ဇင်ဘာဘွေအစိုးရက ငြင်းဆန်ထားသည်။
ဇူလိုင်လ ၃၁ ရက်က နိုင်ငံတစ်ဝန်း ကျင်းပခဲ့သည့် ဆန္ဒပြပွဲများတွင် အတိုက်အခံများနှင့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများက ချီတက်ခဲ့ကြပြီး သမ္မတ အမ်နန်ဂါဝါကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။ လက်ရှိစည်းမျဉ်းများအရ ပြည်ပမှပြန်လာသည့် ဇင်ဘာဘွေနိုင်ငံသားအားလုံးမှာ အစိုးရ၏ ကွာရန်တင်းစင်တာများတွင် ရက်သတ္တသုံးပတ်ကြာ အသွားအလာကန့်သတ်ခံရမည်ဖြစ်သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိသူအချို့အပါအဝင် လူ ၂၇၆ ဦးမှာ ကွာရန်တင်းစင်တာများမှ ထွက်ပြေးခဲ့ကြသည်ဟု ဇင်ဘာဘွေရဲတပ်ဖွဲ့က ပြောသည်။ ယင်းတို့အနက် ၃၀ ဦးနီးပါးကို ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့၏မိသားစုများ၊ ရပ်ရွာများကို ဗိုင်းရပ်စ် ကူးစက်အောင်လုပ်မှုဖြင့် ရုံးတင်စစ်ဆေး ခံရမည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
Ref:BBC(KNT)