ဇူလိုင် ၂၀
ခီဇနီးမောင်နှံဦးဆောင်သည့် FCPN (Facultad de Ciencias Puras y Naturales)ပရဟိတအဖွဲ့ တည်ထောင်ထားသည်မှာ အချိန်နှစ်လနီးပါးရှိခဲ့ပြီဖြစ်သည်။ အဆိုပါကာလအတွင်းတွင် အခက်အခဲကြုံတွေ့ နေရသူများအတွက် ငွေကျပ် သိန်း ၁၀၀၀ ကျော် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သရုပ်ဆောင်ဇဏ်ခီက ယင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ပြောထားသည်။
FCPN Program ကို ၂၀၂၀ ပြည့်နှစ် မေ ၈ ရက်က စတင်တည်ထောင်ခဲ့ပြီး ဇူလိုင် ၈ ရက်တွင် သက်တမ်း နှစ်လပြည့်မြောက်ခဲ့သည်။ ထိုအစီအစဉ်မှတစ်ဆင့် အမှန်တကယ်လိုအပ်နေသည့် နေရာဒေသများတွင် လိုအပ်နေသူများထံ အဖွဲ့သားများကိုယ်တိုင် သွားရောက်လှူဒါန်းလျက်ရှိကြောင်း ဇဏ်ခီက FCPN Page မှတစ်ဆင့် ဗီဒီယိုဖိုင်ဖြင့် ပြောပြထားသည်ကိုတွေ့ရသည်။
သရုပ်ဆောင် ဇဏ်ခီကိုယ်တိုင်ကလည်း အလှူငွေများကောက်ခံခြင်းနှင့် အလှူငွေစာရင်းများကိုလည်း FCPN Facebook Page မှ အမြဲတမ်း တင်ပြပေးနေလျက်ရှိရာ ယအခုအခါ အကြိမ်(၂၀)မြောက် အလှူရှင် စာရင်းများကိုလည်း FCPN Facebook Page တွင် တင်ပေးထားသည်။
FCPN ပရဟိတအဖွဲ့သားများနှင့်အတူ ကိုယ်တိုင်ကိုယ်ကျအလှူအတန်းများ ပါဝင်လုပ်ဆောင်နေသည့် သရုပ်ဆောင် ဒါရိုက်တာဇဏ်ခီကို 'ဥပါယ်တံမျဉ်' ဆိုသည့် ရုပ်ရှင်ဇာတ်ကားကြီး၏ အဓိက သရုပ်ဆောင် တစ်ယောက်အနေဖြင့် ပရိသတ်များစတင်သိရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် 'မုဒြာရဲ့ ခေါ်သံ' ရုပ်ရှင်ကားကြီး တွင်လည်း ပရိသတ်များက အားပေးခဲ့ကြပြီး တတိယမြောက် ရုပ်ရှင်ကားကြီးအနေဖြင့် 'Now & Ever' ရုပ်ရှင်ကားကြီးတွင်လည်း ပါဝင်သရုပ်ဆောင်ထားကာ ပရိသတ်အားပေးမှု ပိုမိုရရှိထားသူဖြစ်သည်။
(WP)