တောင်ကြီး ဇူလိုင် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် စိုက်ပျိုးထားသော ငရုတ်ပွစိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းသော်လည်း ယခင်နှစ်ကထက် ဈေးနှုန်းကျဆင်းနေကြောင်း ငရုတ်ပွစိုက်ပျိုးသူများထံမှ သိရသည်။
''ငရုတ်ပွစိုက်တာ နှစ်နှစ်လောက်ပဲရှိသေးတယ်။ ငရုတ်ပွကို ရာသီမရွေး စိုက်လို့ရတယ်။ မိုးမရွာရင်တော့ ရေသွင်းပေးရတယ်။ ပေါင်ခတ်ပြီး စိုက်ရတယ်။ မျိုးစေ့ကိုပျိုးပြီး တစ်လလောက်နေရင် ပေါင်ထဲမှာ တစ်ပင်နဲ့ တစ်ပင် သုံးပေလောက်ခြားပြီး စိုက်ရတယ်။ အဲ့လိုစိုက်ပြီး နှစ်လလောက်နေရင် ခူးလို့ရပြီ။ ပိုးမကျအောင် ထိန်းနိုင်ပြီး ပြုစုမှုကောင်းရင် လေးလ၊ ငါးလလောက်အထိ ခူးလို့ရတယ်။ အရင်နှစ်က ငရုတ်ပွသီးတစ်ပိဿာ ကို ငွေကျပ် ၁၅ဝဝ အထိ ရောင်းရတယ်။ ဒီနှစ်တော့ တစ်ပိဿာကို ငွေကျပ် ၈ဝဝ ထိပဲ ရောင်းရတဲ့အတွက် ဈေးနှုန်းကျဆင်းနေပါတယ်''ဟု ငရုတ်ပွစိုက်ပျိုးသူတစ်ဦးကပြောသည်။
အဆိုပါ ငရုတ်ပွသီးများကို ယခင်နှစ်များက ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် တောင်ကြီးမြို့ရှိ ဈေးကွက်သို့သာ တင်ပို့ရောင်းချနေရကြောင်း သိရသည်။
(သူရိန်)