ညောင်ဦး ဇူလိုင် ၂၀
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ COVID-19 ရောဂါစတင်ကာကွယ်ထိန်းချုပ် ချိန်မှစတင်ကာ လာရောက်လည်ပတ်သည့်ဘုရားဖူးဧည့်သည်မရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် ပျမ်းမျှ ၁၀၀၀ ဦးခန့်ဝင်ရောက်လာလျက်ရှိကြောင်း ထီးလိုမင်းလိုဘုရားဂေါပကအဖွဲ့ထံက သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ (ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်)သည် ဆယ့်နှစ်ရာသီကာလပတ်လုံး ပြည်တွင်း၊ပြည်ပခရီးသွားများ အမြဲမပြတ်ရှိခဲ့ရာမှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ညောင်ဦးခရိုင် COVID-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများ လာရောက်လည်ပတ်ခွင့်၊ ဖူးမြော်ခွင့်များပိတ်ထားခဲ့ရာမှ ယခုအခါ ညောင်ဦးမြို့နယ်ရှေးဟောင်း ယဉ်ကျေး မှုဇုန်အတွင်းရှိ ဘုရားဖူးများ ဖူးမြော်ခွင့်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖူးမြော်ခွင့်ပေးထားရာ ဘုရားဖူးများ တနင်္လာနေ့မှသောကြာနေ့များတွင် ဘုရားဖူးဧည့်သည်(ပြည်တွင်း) ၁၀၀၀ ခန့် ပုံမှန်လာရောက်ဖူးမြော်ကြပြီး၊ စနေ၊ တနင်္ဂနွေရက်များတွင် မြန်မာပြည်အရပ်ရပ်မှ ၂၀၀၀ ကျော် လာရောက်နေကြောင်း သိရသည်။
ပြည်တွင်းဘုရားဖူးဧည့်သည်အများစုမှာ ပုဂံ-ညောင်ဦးဒေသရဲ့ သမိုင်းဝင် အထင်ကရဘုရားများ ဖြစ်ကြသည့် ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဗူးဘုရား၊ ဓမ္မရံကြီးဘုရား၊ လောကနန္ဒာစွယ်တော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရာဇကဘုရားနှင့် သဗ္ဗညုဘုရားများသာ ဘုရားဖူးလာရောက်မှု စနေ၊ တနင်္ဂနွေရက်များတွင် ဘုရားဖူးလာဦးရေ ၁၀၀၀ ကျော် လာရောက်ကြ ကြောင်း သမိုင်းဝင် အထင်ကရဘုရားများသို့ ဘုရားဖူးဝင်ရောက်ရာတွင်လည်း ဘုရားဝင်းအတွင်းမဝင်မီ Mask တပ်ဆင်၍ဝင်ရခြင်း၊ လက်ဆေးဇလုံများ၊ စင်များတွင်လက်ဆေးစေခြင်း၊ ဘုရားဖူးလာရောက်သည့် ဒေသနှင့်နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်တို့ကို စာရင်းကောက်ယူမှတ်တမ်းထားရှိကြောင်း ထီးလိုမင်းလိုဘုရားဂေါပကအတွင်းရေးမှူး ဦးတင်လှဦးကရှင်းပြ၍သိရသည်။ ဘုရားဖူးလာဧည့်သည်များ စနေ၊ တနင်္ဂနွေနေ့မှ ကျန်ရက်များတွင် တစ်ရက် ၁၀၀၀ ခန့် လာရောက်ကြပြီး စနေ၊ တနင်္ဂနွေရက်တို့တွင် တစ်ရက် ၂၀၀၀ ကျော်ထိ ဘုရားဖူးလာရောက်လျက်ရှိကြောင်း သိရပြီး လမ်းဘေးထမင်းဆိုင်၊ အသုပ်ဆိုင်များ ပြန်လည်စားသုံးသူများလာခြင်း၊ ရှေးဟောင်းဘုရားပတ်ဝန်းကျင်ရှိ ထနောင်းပင်၊ တမာပင်များတွင် အလှ ဓာတ်ပုံရိုက်ရန်ချိတ်ဆွဲထားသည့် ဇော်ဂျီရုပ်၊ ဘီလူးရုပ်၊ အမတ်ရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ကိန္နရီ၊ ကိန္နရာရုပ်များ၊ မင်းသား၊ မင်းသမီးရုပ်များနှင့် ဓာတ်ပုံရိုက်သူများပြားလာပြီး ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုတစ်ခွင် လုံး ပြန်လည်စည်ကားလာနေပြီဖြစ်ကြောင်း ညောင်ဦးဒေသခံ ကိုနေဝင်းမောင်ကပြောသည်။
ကိုထိန်(KPD)