ရန်ကုန် ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ကိုရောက်ရှိနေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကတိုက်ပွဲရှောင် ဒုက္ခသည် ချင်းတိုင်းရင်းသားများအတွင်းကျောင်းနေအရွယ် ၆၀ ကျော်သည် ယခုစာသင်နှစ်၌ပညာဆက်လက် သင်ကြားနိုင်ဖို့ အကူအညီလိုအပ်နေကြောင်းသိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မီးလက်ဝရွာနှင့် စိမ်းစင်းရွာက ချင်းတိုင်းရင်းသားများက ရန်ကုန်မြို့အထိ ထွက်ပြေးတိမ်းရှောင် ခိုလှုံလာကြခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် မတ်လကတည်းကမှော်ဘီမြို့နယ် စာဖြူစုရပ်ကွက်ကိုရောက်နေကြသည့်သူများအတွင်းမူလတန်းက အထက်တန်းအထိစုစုပေါင်း ၆၆ ဦးရှိပြီး၊ ယင်းတို့သည့် ကျောင်းပြန်ဖွင့်သောရာသီတွင်ကျောင်းမည်သို့ ဆက်လက်တက်ရမည်ဆိုခြင်းကိုမသိရသေးသည့် အခြေအနေဖြစ်ကြောင်းသိရသည်။
အဆိုပါ တိုက်ပွဲရှောင် ဒုက္ခသည် မိသားစုများအတွင်းကျောင်းနေအရွယ် ယောကျာ်းလေး ၄၂ ဦးနှင့် မိန်းကလေး ၂၄ ဦးအထိရှိနေပြီး ကျောင်းတက်နိုင်ဖို့လိုအပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံခရစ်တော်၏ အသင်း တော်သင်းအုပ်ဆရာဦးထွန်းနိုင်ကပြောသည်။
မြန်မာနိုင်ငံခရစ်တော်၏ အသင်းတော်သင်းအုပ်ဆရာဦးထွန်းနိုင်က"လောလောဆယ် ထောက်ပံ့မယ့်သူရောအကူအညီပေးမယ့်သူရောမရှိသေးဘူးပေါ့ဗျာ။ ပညာရေးဌာနကလည်းအသိတွေမရှိတဲ့အခါကြတော့ ဒီနှစ်ကျောင်းအပ်ရင်တော့ ဘာတွေ ဘာတွေလိုမယ်ဆိုတာလောလောဆယ်မှာ ကျွန်တော်တို့မသိရသေးဘူး။ ချိတ်ဆက်ထားတာလည်းမရှိဘူးဗျ။ ဘာလို့ဆို ကျွန်တော်တို့ ဒီမှာရောက်လာကတည်းကအချိတ်အဆက်နဲ့ရောက်လာတာမဟုတ်တဲ့အတွက် သူများတွေ မီဒီယာတွေဘာတွေ ရောက်လာမှပဲတင်ပြမှပဲ။ဘယ်လိုမှလည်း ကျွန်တော်တို့အနေနဲ့ကလုပ်ပေးလို့ မရဘူးလေ။ အခုအချိန်မှာကိုယ့်မိသားစုအရေးတောင်မှ မနိုင်မနင်းထမ်းနေရတဲ့အချိန်ဖြစ်နေတာ့ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှလုပ်ပေးနိုင်စွမ်းလည်းမရှိဘူးပေါ့ဗျာ"ဟုပြောသည်။
အသင်းတော်ကတိုက်ပွဲရှောင် ဒုက္ခသည်များစားဝတ်နေရေးအတွက် စီစဉ်ပေးထားပြီးပရဟိတအဖွဲ့အချို့ကလည်းထောက်ပံ့ပေးနေသော်လည်း ပညာရေးအတွက် အကူအညီမဲ့နေကြောင်းဆိုသည်။
မှော်ဘီမြို့နယ်သို့ ရောက်ရှိနေသူများအတွင်းဆယ်တန်းတက်ရောက်ရမည့်သူ သုံးဦးပါဝင်ပြီး ယင်းတို့ တွင်းက တစ်ဦးဖြစ်သောမနန်းရွှေက တိုက်ပွဲနှင့် ဝေးသည့်နေရာဖြစ်၍ ကျောင်းတက်နိုင်မည်ဟု ယူဆနေကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်