ရန်ကုန် ဇူလိုင် ၂၀
အမျိုးသမီးများဦးဆောင်သည့် သန့်ရှင်းသောသောက်သုံးရေရရှိရေးစီမံကိန်းကို ရန်ကုန်မြို့ရှိ မြို့နယ် အချို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို WaterAid Myanmar နှင့် Diageo တို့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး စတာလင်ပေါင် (GBP) နှစ်သိန်းခန့် အကုန်အကျခံကာ ၂၇ လကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းဖော်ဆောင်မည့် အရပ်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေထုတ်လုပ်ရောင်းချနိုင်သည်အထိ ဒေသခံအမျိုးသမီးများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်ထောင်ထိန်းသိမ်းမှုလုပ်ငန်းများကို လုပ်ဆောင်နေကြသော မြန်မာအမျိုးသမီးများကို အကောင်းဆုံး အကူအညီပေးလိုသည့်အပြင် ပြည်သူများ၏ ကျန်းမာရေးနှင့်လူနေမှုဘဝ လုံခြုံစိတ်ချရရေးအတွက် ယခု ကဲ့သို့ သန့်ရှင်းသောသောက်သုံးရေရရှိရေးစီမံကိန်းကို ဖော်ဆောင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း WaterAid Myanmar ၏ Country Director Mr. Shihab Uddin Ahamad က ပြောသည်။
ထိုစီမံကိန်းသည် မြန်မာအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာစေရန်သာမက ယင်းတို့မိသားစု စားဝတ်နေရေးအတွက်လည်း အထောက်အပံ့ဖြစ်စေရန် ရည်မှန်းထားကြောင်း၊ ထို့အပြင် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများမှ ကာကွယ်နိုင်စေရန် အချိန်ကိုက် စီစဉ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးများဦးဆောင်သည့် သန့်ရှင်းသောသောက်သုံးရေရရှိရေး စီမံကိန်းကိုဖော်ဆောင် ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ သက်ဆိုင်ရာဒေသန္တရအစိုးရအာဏာပိုင်များ၊ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဆောင်း(ဥက္ကလာ)