ရန်ကုန် ဇူလိုင် ၁၉
ဂျော်ဒန်နိုင်ငံတွင်ရောက်ရှိနေသော မြန်မာအလုပ်သမားများကို ဇူလိုင် ၁၈ ရက်တွင် မြန်မာအစိုးရက ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပထမဆုံးအကြိမ် ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
COVID-19 ကပ်ရောဂါဖြစ်နေချိန်တွင် ဂျော်ဒန်နိုင်ငံ၌ အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲမျိုးစုံကြုံတွေ့ နေရသော မြန်မာနိုင်ငံသားများကို နေရပ်သို့ ပြန်လည်ခေါ်ယူနိုင်စေရန် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှကြီးမှူး စီစဉ်ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၈ ရက်တွင် ကယ်ဆယ်ရေးလေယာဉ်(Relief Flight) ဖြင့် ပထမဆုံးအကြိမ် ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ဖြင့်သွားရောက် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ဂျော်ဒန်နိုင်ငံ Amman နိုင်ငံတကာလေဆိပ်မှ ကယ်ဆယ်ရေးလေယာဉ် စတင်ထွက်ခွာခဲ့ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်ခွင့်ရကြသူများထဲတွင် Rich Pine ကုမ္ပဏီမှမြန်မာ နိုင်ငံသား ၁၃ ဦး၊ Century Miracle စက်ရုံမှ မြန်မာနိုင်ငံသား ၂၆ ဦးနှင့် Camel and Vega ကုမ္ပဏီမှမြန်မာနိုင်ငံသား ၁၀၁ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၁၄၀ ဦးတို့လိုက်ပါလာကြောင်း သိရသည်။
ယခုလ ၂၅ ရက်တွင် ထပ်မံပျံသန်းမည့် ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်တွင် ရင်ခွင်ပိုက် ကလေးငယ်တစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၄၁ ဦးကို ခေါ်ဆောင်လာရန် စီစဉ်ထားပြီးနောက်ထပ်အရန် မြန်မာနိုင်ငံသား ၃၀ ဦးကိုလည်း လိုက်ခွင့်ရလျှင် တစ်ပါတည်းခေါ်ဆောင်လာနိုင်စေရန် ပြင်ဆင်ဆောင်ရွက် ထားကြောင်း သိရသည်။
ကိုဆောင်း(ဥက္ကလာ)