ဝါရှင်တန် ဇူလိုင် ၁၉
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၂၆၀၀၀၀ ဖြစ်ပွားခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း တစ်ရက်အတွင်း လူနာသစ်အများဆုံးတွေ့ရှိမှုအဖြစ် စံချိန်တင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ပြောသည်။ ကပ်ရောဂါစတင်ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း တစ်ရက်အတွင်း လူနာသစ် ၂၅၀၀၀၀ ကျော်လွန်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု WHO က ဆိုသည်။ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် တောင်အမေရိကနိုင်ငံများတွင် လူနာသစ်များ သိသိသာသာ မြင့်တက်ခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၃၆၀ ဦးအထိ မြင့်တက်ခဲ့ရာ မေလ ၁၀ ရက် နောက်ပိုင်း တစ်ရက်တာ သေဆုံးမှုစံချိန်သစ် ဖြစ်ခဲ့သည်။
ပြီးခဲ့သည့်စနေနေ့က ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄ သန်းကျော် ရှိခဲ့ပြီး သေဆုံးသူ ၆၀၀၀၀၀ ကျော်လွန်သွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။ ပိတ်ဆို့မှုလုပ်ရန်နှင့် နှာခေါင်းစည်းမဖြစ်မနေဝတ်ဆင်ရေးအမိန့် ထုတ်ပြန်ရန် တွန့်ဆုတ်ခဲ့သည့် အမေရိကန်နိုင်ငံ တောင်ပိုင်းပြည်နယ်များတွင် ရောဂါကူးစက်မှုများ သိသိသာသာမြင့်တက်လျက်ရှိသည်။ အထူးသဖြင့် ဖလော်ရီဒါ၊ တက္ကဆက်နှင့် အရီဇိုးနားပြည်နယ်များမှာ ရောဂါကူးစက်ပျံ့နှံ့မှု အမြင့်ဆုံးဖြစ်သည်။
KNT