ဘာလင် ဇူလိုင် ၁၈
Black Forest သစ်တောအတွင်း ၅ ရက်ကြာ ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီးနောက် ရမ်ဘို(Rambo)ဟု ခေါ်သည့် သေနတ်သမားကို ဂျာမန်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။ အသက် ၃၁ နှစ်ရှိသည့် အီဗက်စ်ရက်ရှ်မှာ ရဲအရာရှိလေးဦးကို ခြိမ်းခြောက်ပြီး ယင်းတို့၏ ပစ္စတိုသေနတ်များ ခိုးယူခဲ့ပြီးနောက် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း အော့ပီနူမြို့အနီးရှိ သစ်တောထဲသို့ ထွက်ပြေးခဲ့သည်။ ထို့နောက်တါင် အထူးတပ်ဖွဲ့က ရဟတ်ယာဉ်များ၊ အပူချိန်ဖြင့် ခြေရာခံသည့်ကိရိယာများ၊ အနံ့ခံခွေးများဖြင့် ယင်းကို ရှာဖွေခဲ့သည်။
အဆိုပါစစ်ဆင်ရေးတွင် ရဲအရာရှိ ၂၅၃၀ ကျော် ပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ အီဗက်စ်ရက်ရှ်မှာ ပစ္စတိုသေနတ် ၄ လက်ကို ယင်း၏ရှေ့တွင် ချထားပြီး ပုဆိန်ကို ပေါင်ပေါ်တင်ကာ ခြုံထဲ၌ ပုန်းအောင်းနေခဲ့သည်ဟု ဒေသဆိုင်ရာ ဒု-ရဲချုပ် ဂျာဂန်ရီဂျာက ပြောသည်။ အဆိုပါစစ်ဆင်ရေးတွင် အီဗက်စ်ရက်ရှ်နှင့် ရဲအရာရှိတစ်ဦး ပုဆိန်ဖြင့် ထိခိုက်မိခဲ့၍ ဒဏ်ရာရခဲ့သော်လည်း ယင်းတို့နှစ်ဦးလုံး ဆေးရုံပို့ရန် မလိုသည့်အခြေအနေဖြစ်ကြောင်း ဂျာဂန်ရီဂျာက ဆိုသည်။ စာတိုက်အလုပ်သမားတစ်ဦး၏ သတင်းပေးချက်အရ အီဗက်စ်ရက်ရှ်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အော့ပီနူမြို့အနီးရှိ သစ်တောအတွင်းမှ အိမ်တစ်လုံးတွင် သံသယဖြစ်စရာကောင်းသည့် အမျိုးသားတစ်ဦး နေထိုင်နေသည်ဆိုသည့် သတင်းပေးချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ အစောပိုင်းတွင် အီဗက်စ်ရက်ရှ်က ပူးပေါင်းဆောင်ရွက်မည့်ဟန် ရှိသော်လည်း ပစ္စတိုသေနတ်ကို ရုတ်တရက်ဆွဲထုတ်ပြီး ရဲအရာရှိလေးဦးကို လက်နက်ချစေခဲ့ကာ ယင်းတို့၏သေနတ်များကို ယူဆောင်သွားခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်ကြောင့် ယင်းကို ရမ်ဘိုဟု တင်စားခဲ့ကြသည်။
KNT