လန်ဒန် ဇူလိုင် ၁၆
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေသည့် ပြီးခဲ့သည့်လေးလအတွင်း ဗြိတိန်နိုင်ငံတွင် ဆေးလိပ်ဖြတ်သူ တစ်သန်းကျော်ရှိခဲ့ပြီး ဆေးလိပ်ဖြတ်သူများတွင် လူကြီးများထက် လူငယ်အရေအတွက် ပိုများသည်ဟု လေ့လာမှုတစ်ရပ်တွင် ဖော်ပြသည်။ ထို့အပြင် ဗြိတိန်နိုင်ငံတွင် နေထိုင်သူ ၄၄၀၀၀၀ က ကပ်ရောဂါကာလကို ဆေးလိပ်ဖြတ်ရန် အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချခဲ့သည်ဟု ဆိုသည်။ Action on Smoking and Health (ASH) နှင့် လန်ဒန်တက္ကသိုလ်တို့က လူ ၁၀၀၀၀ ကျော်ကို မေးမြန်းထားသည့် YouGov ၏ စစ်တမ်းကို အသုံးပြုပြီး ယခုကဲ့သို့ ခွဲခြမ်းစိတ်ဖြာခဲ့ခြင်းဖြစ်သည်။
အများအားဖြင့် Covid-19 ရောဂါမှာ သက်ကြီးရွယ်အိုများကို ပိုအထိနာစေခဲ့ရာ ဆေးလိပ်သောက်သည့် သက်ကြီးရွယ်အိုများအနေဖြင့် ကပ်ရောဂါကာလကို ဆေးလိပ်ဖြတ်ရန် အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချရန် တိုက်တွန်းထားသည်။ ဗြိတိန်နိုင်ငံ၏ ဆေးလိပ်ဖြတ်သူများတွင် အသက် ၁၆ နှစ်မှ ၂၉ နှစ်ကြားအရွယ်ရှိသူ ပမာဏက အသက် ၅၀ အထက်ရှိသူများထက် နှစ်ဆကျော်ပိုများသည်ဟု တွေ့ရသည်။ ဆေးလိပ်သောက်ခြင်းမှာ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ စသည့် ကြိုတင်ကာကွယ်နိုင်သောရောဂါများ ဖြစ်စေနိုင်သည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။
KNT