တီဟီရန် ဇူလိုင် ၁၆
အီရန်နိုင်ငံတောင်ပိုင်း ဘူရှီဟာဆိပ်ကမ်းရှိ သင်္ဘောကျင်းတွင် အနည်းဆုံးစက်လှေ ၇ စင်း မီးလောင်ခဲ့သည်ဟု အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း ဒေသဆိုင်ရာ ပဋိပက္ခစီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲက ပြောသည်။ မီးလောင်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။ သို့သော် ယခုဖြစ်ရပ်မှာ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဒွိဟဖြစ်စရာ မတော်တဆမှုများအနက် တစ်ခုဖြစ်သည်။
အီရန်နိုင်ငံ၏ ဒုံးကျည်စက်ရုံ၊ စွမ်းအင်စက်ရုံ၊ ဆေးရုံနှင့် နျူကလီးယားစွမ်းအင်စက်ရုံများတွင် ပေါက်ကွဲမှုများ၊ မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ရပ်များကြောင့် အဖျက်အမှောင့်လှုပ်ရှားမှုများ ရှိနေပြီဆိုသည့် ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့ကလည်း အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း မာရှက်မြို့အနီးရှိ စက်မှုဇုန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ဂတ်စ်အိုး ၆ လုံး မီးလောင်ခဲ့ပြီး ဂတ်စ်အိုးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု အရာရှိများက ပြောသည်။ ဇူလိုင်လ ၂ ရက်က နာတန့်ဇ်ယူရေနီယမ်သန့်စင်ရေးစက်ရုံ၊ ဇွန်လ ၂၆ ရက်က ခိုဂျာဒုံးကျည်ထုတ်လုပ်ရေးစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းမှာ ပြည်ပနိုင်ငံများ သို့မဟုတ် ပြည်တွင်း အတိုက်အခံအဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ် ဟုတ်၊ မဟုတ် သိရအောင် စုံစမ်းနေသည်ဟု အီရန်အရာရှိများက ပြောသည်။
KNT