ဝါရှင်တန် ဇူလိုင် ၁၆
Bitcoin ငွေကြေးအရှုပ်တော်ပုံနှင့်ပတ်သက်ဖွယ်ရှိသည့် ဆိုက်ဘာတိုက်ခိုက်မှုတွင် အီလွန်မက်စ်၊ ဂျက်ဘီဇို့စ်၊ ဘီလ်ဂိတ် စသည့် ဘီလျံနာများအပါအဝင် အမေရိကန်နိုင်ငံ၏ ထင်ပေါ်ကျော်ကြားသူများ၏ တွစ်တာအကောင့်များ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသည်။ အမေရိကန်သမ္မတဟောင်း အိုဘားမား၊ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်၊ ကင်းန်းဝက်စ်တို့၏ တွစ်တာအကောင့်များတွင် ဒီဂျစ်တယ်ငွေကြေး လှူဒါန်းမှုလုပ်ရန် တောင်းဆိုသည့်စာသားများ ရေးသားခဲ့သည်။ '' လူတိုင်းက ကျွန်တော့်ကို ပေးလှူဖို့ပြောကြတယ်၊ ခင်ဗျားတို့ဘက်က ဒေါ်လာ ၁၀၀၀ ပို့ပေးရင် ကျွန်တော်က ဒေါ်လာ ၂၀၀၀ ပြန်ပို့ပေးမယ် ''ဟု ဘီလ်ဂိတ်၏ တွစ်တာအကောင့်တွင် ရေးသားထားသည်။ အဆိုပါဖြစ်ရပ်မှာ တွစ်တာအတွက် အလွန်ခက်ခဲလွန်းသည့်နေ့တစ်နေ့ဖြစ်ပြီး ထိတ်လန့်ကြောက်ရွံ့စရာကောင်းသည့် အရာဖြစ်သည်ဟု တွစ်တာအမှုဆောင်ချုပ် ဂျက်ဒေါ်ဆေးက ပြောသည်။ အစောပိုင်းတွင် တွစ်တာက အပြာရောင်အမှတ်အသား ရရှိထားသည့် တရားဝင်အကောင့်အများအပြားကို ရေးသားဖော်ပြမှုမလုပ်နိုင်အောင် ပိတ်ပင်ခဲ့ပြီး စကားဝှက် ပြင်ဆင်ပြောင်းလဲရန် ကြိုးပမ်းမှုများကိုလည်း ပယ်ချခဲ့သည်။ အခြားအကောင့်တချို့ကလည်း ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပေ။
Tesla နှင့် SpaceX ကုမ္ပဏီအမှုဆောင်ချုပ် အီလွန်မက်စ်၏ တရားဝင်တွစ်တာအကောင့်တွင် မိနစ် ၃၀ အတွင်း ယင်း၏ဒီဂျစ်တယ်ပိုက်ဆံအိတ်(digital wallet)ထဲသို့ Bitcoin ငွေကြေးပေးပို့ပါက နှစ်ဆ ပြန်ပေးမည်ဟု ကမ်းလှမ်းထားသည်။ '' Covid-19 ကြောင့် ကျွန်တော် သဒ္ဓါတရား ထက်သန်နေတယ်'' ဟု ရေးသားထားပြီး Bitcoin လင့်ခ်ပေးထားသည်။ လက်ရှိအချိန်တွင် တွစ်တာကြုံတွေ့နေရသည့် အကျပ်အတည်းမှာ အလွန်ကြီးမားဖွယ်ရှိသည်ဟု ဘီလ်ဂိတ်၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးထားသည်။
KNT