နယူးဒေလီ ဇူလိုင် ၁၆
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် မုတ်သုံမိုး သည်းသည်းထန်ထန်ရွာသွန်းပြီး ရေကြီးရေလျှံခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး လူ ၂သန်းကျော် ရေဘေးဒဏ်ခံစားခဲ့ရသည်။ ဝန်ကြီးတစ်ပါးက ဗွက်ထဲဆင်းပြီး ကလေး ၂ ဦးနှင့် အမျိုးသမီးတစ်ဦးကို လှေပေါ်တင်ပေးနေသည့် ရုပ်သံ မှတ်တမ်းမှာ ရေဘေးဒဏ်ခံစားနေရသူများ၏ အခြေအနေကို မီးမောင်းထိုးပြနေသည်။ ကျေးရွာထောင်နှင့်ချီ ရေဖုံး လွှမ်းခဲ့ပြီး နေရပ်စွန့်ခွာရသူများ ခိုလှုံနိုင်ရန်အတွက် ကယ်ဆယ်ရေးစခန်း ရာချီဖွင့်လှစ်ထားရသည်။
အာသံပြည်နယ်တွင် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းလေ့ရှိသော်လည်း ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်တက်နေစဉ် ယခုကဲ့သို့ အခြေအနေမျိုး ကြုံခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်အင်္ဂါနေ့က အာသံပြည်နယ်၏ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာဖြစ်သည့် ကာဇီရန်ဂါအမျိုးသားဥယျာဉ် ရေဖုံးလွှမ်းခဲ့ပြီး အနည်းဆုံး သားရဲတိရစ္ဆာန် ၅၁ ကောင် သေဆုံးခဲ့သည်။ အမျိုးသားဥယျာဉ်အရာရှိများက တိရစ္ဆာန် ၁၀၂ ကောင်ကို ကယ်တင်နိုင်ခဲ့သော်လည်း ကျားများနှင့် ကြံ့တချို့မှာ ရေဘေးကို တိမ်းရှောင်ရင်း ရွာနီးချုပ်စပ်ကို ရောက်သွားကြသည်ဟု ဆိုသည်။ ၂၀၁၉ ခုနှစ်တုန်းကလည်း ယခုကဲ့သို့ကာလမျိုးတွင် ရေဘေးသင့်ခဲ့ခြင်းကြောင့် အာသံနှင့်ဘီဟာပြည်နယ်များတွင် လူ ၁၀၀ နီးပါး သေဆုံးခဲ့ရသည်။
KNT