ဝါရှင်တန်၊ ဇူလိုင် ၁၅
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အွန်လိုင်းမှပညာသင်ကြားရမည့် ပြည်ပကျောင်းသားများကို မိခင်နိုင်ငံများထံ ပြန်ပို့မည့်အစီအစဉ်ကို သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရက ရုပ်သိမ်းလိုက်သည်။ အဆိုပါမူဝါဒကို ကြေညာပြီး တစ်ပတ်အကြာတွင် အမေရိကန်အစိုးရက ပြန်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံသို့ လာရောက် ပညာသင်ကြားသည့် ပြည်ပကျောင်းသား၊ ကျောင်းသူ တော်တော်များများရှိပြီး တက္ကသိုလ်များအတွက် အဓိကဝင်ငွေရင်းမြစ်တစ်ရပ် ဖြစ်သည်။
ပြီးခဲ့သည့်မတ်လက စာသင်နှစ်ဝက်ပြီးဆုံးချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်တက်လာခြင်းကြောင့် ပြည်ပ ကျောင်းသားများက ယင်းတို့နိုင်ငံများထံ ပြန်ခဲ့ကြသည်။ အကယ်၍ ယင်းတို့၏တန်းခွဲများကို အွန်လိုင်းတန်းခွဲအဖြစ် ပြောင်းလဲသင်ကြားမည်ဆိုပါက မိခင်နိုင်ငံထံ ပြန်သွားသည့် ကျောင်းသားများကို အမေရိကန်နိုင်ငံထံ ပြန်လာခွင့်ပြုမည်မဟုတ်ကြောင်း၊ စာသင်ခန်းအတွင်း သင်ကြားရသည့် တန်းခွဲတွင် တက်ရောက်ခြင်းမရှိပါက ယင်းတို့ကို အမေရိကန်နိုင်ငံတွင် ဆက်နေခွင့်ပေးမည်မဟုတ်ကြောင်း အမေရိကန် အစိုးရက ဆိုခဲ့သည်။
ထို့နောက် ၂ ရက်အကြာတွင် အဆိုပါအစီအစဉ်နှင့်ပတ်သက်ပြီး မက်ဆာချူးဆက်နည်းပညာသိပ္ပံ(MIT) နှင့် ဟားဗတ်တက္ကသိုလ်က အစိုးရကို တရားစွဲခဲ့သည်။ ယခုအခါတွင် အဆိုပါကိစ္စအတွက် ပြေလည်သွား ပြီဟု မက်ဆာချူးဆက်ပြည်နယ် ခရိုင်တရားသူကြီး အလစ်ဆန်ဘာရောက်က ပြောသည်။ ပြီးခဲ့သည့် မတ်လက ရေးဆွဲခဲ့သည့် မူဝါဒကို ပြန်လည်ပုံဖော်ရန် သဘောတူညီခဲ့သည်။
အဆိုပါမူဝါဒအရ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေချိန်တွင် လိုအပ်လာပါက နိုင်ငံတကာကျောင်းသားများကို အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြား စေမည်ဖြစ်ပြီး ကျောင်းသားဗီဇာဖြင့် နိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် ပေးမည်ဟု ဆိုသည်။ ၂၀၁၈ ခုနှစ် တွင် ပြည်ပကျောင်းသားများထံမှ အမေရိကန်ဒေါ်လာ ၄၅ ဘီလျံအထိ ရရှိခဲ့သည်ဟု အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဌာနက ဖော်ပြသည်။
KNT