နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဝအသိ တိုးတက်စေချင်

ရန်ကုန်၊ ဇူလိုင် ၁၅


လူတို့သည် နေ့စဉ်နှင့်အမျှ လုပ်ကိုင်ရသော အလုပ်တို့၌ အဆင်ပြေသည်လည်းရှိသည်။ အဆင်မပြေသည် လည်း ရှိသည်။ အချို့မှာ အဆင်ပြေပြေ တည်တည်ငြိမ်ငြိမ် လုပ်ကိုင်သွားနိုင်ကြသော်လည်း အချို့မှာ အဆင်မပြေကြပါ။ ထိုအခါ စိတ်ဖိစီးမှုများဖြစ်ရသည်။ လူတိုင်းလူတိုင်းသည် လောဘ၊ ဒေါသ၊ မောဟတို့ကို တဖြည်းဖြည်းလျှော့ချနိုင်လျှင် ကောင်းမှန်းသိသည်။ လောဘအလျောက် လိုချင်မှုများ၏။ ရလိုမှုကြောင့် ဒေါသမီးက တောက်၏။ ထိုနည်းတူ မောဟကြီးသူများကလည်း မောဟအလျောက် တွေဝေနေတတ်၏။

လူသည် သောကတည်းဟူသော စိတ်ဖိစီးမှုနှင့် မကင်းနိုင်ကြပါ။ အနည်းနှင့်အများ လူတိုင်းတွင် သောကရှိသည်။ အနည်းငယ်မျှသော သောက (ဝါ) စိတ်ဖိစီးမှုသည် လူတို့အတွက် မပြောပလောက်သော်လည်း ကြီးမားသော စိတ်ဖိစီးမှုနှင့် ကြုံတွေ့ရသောအခါ အသက်အန္တရာယ်ခြိမ်းခြောက်တတ်ပါသည်။ ပြင်းထန်သော စိတ်ဖိစီးမှုဒဏ်ကြောင့် ကြံမိကြံရာ၊ ကြံတတ်ကြပါသည်။ 


စိတ်ဖိစီးမှုက ခန္ဓာကိုယ်မှ အရိုးကြွက်သားစနစ်၊ အသက်ရှူစနစ်၊ ဂလင်းစနစ်၊ မျိုးပွားစနစ်၊ အာရုံကြောစနစ်၊ နှလုံးသွေးကြောစနစ်၊ အစာအိမ်နှင့် အူလမ်းကြောင်းစနစ်များကို ထိခိုက်လာသည်။ ကိုယ်လက်ကိုက်ခဲနာကျင် ခြင်း၊ ခေါင်းကိုက်၊ အကြောဆွဲခြင်း၊ စိတ်ဖိစီးမှုများက အသက်ရှူမြန်လာခြင်း၊ စိတ်ဆိုးခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်း၊ သွေးကြောများကျယ်လာခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း လက္ခဏာများဖြစ်ပေါ်ကြောင်း ပညာရှင်တို့က အသိပေးထားသည်။

စိတ်ဖိစီးမှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်အတွက် စိတ်ပညာရှင်များက အကြံပြုထားရာ တစ်ရက်တာအတွက် စဉ်းစားပါ၊ လက်တွေ့မကျသော စံနှုန်းအမြင့်ကြီးတွေ မသတ်မှတ်ရန်နှင့် အကျိုးသင့် အကြောင်းသင့်ရှိရန်၊ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ၊ ပိုင်းခြားသိမြင်မှုရှိသူများသည် အေးဆေးတည်ငြိမ်ခြင်း၊ စိတ်ဖိစီးသော အကြောင်းအရာများသည် တစ်ယောက်နှင့် တစ်ယောက် မတူညီခြင်းကြောင့် ကိစ္စရပ်များကို တစ်ဖက်တည်းက မကြည့်ရန်၊ အရာရာကိုနည်းလမ်းတကျ၊ စည်းစနစ်တကျ လုပ်ဆောင်ရန်၊ ဘဝပုံစံကို မျှတစေရန်၊ ကျန်းမာရေးဂရုစိုက်ရန်၊ သနားကြင်နာမှုက စိတ်ဖိစီးမှုကို လျော့နည်းစေခြင်း၊ ဦးစားပေးအရာများကို ချမှတ်ရန်၊ အကူအညီအဖြစ် ကြင်နာစွာအားပေးရန်၊ တာဝန်ကိုခွဲဝေလုပ်ကိုင်ရန်၊ စိတ်ဖိစီးမှုက ကျန်းမာရေးကို ထိခိုက်စေပြီး ခွင့်လွှတ်မှုက ကျန်းမာရေးကောင်းစေကြောင်း တည်ငြိမ်သောစိတ်က ကိုယ်ခန္ဓာကို ကျန်းမာသည်ဟု အကြံပြုထားသည်။


အဆင်မပြေမှုများ စုပြုံလာသည့်အခါတွင် စိတ်ထွက်ပေါက်ကို အမြန်ဆုံးဖွင့်ပေးသင့်၏။ စိတ်ပြေရာ ပြေကြောင်း ပြုလုပ်ပေးခြင်းသည် စိတ်ထွက်ပေါက်ဖွင့်ပေးခြင်းပင် ဖြစ်၏။ စိတ်ထွက်ပေါက်ရှာခြင်းကို အချို့က ဓမ္မနည်းလမ်းအရသော်လည်းကောင်း၊ အချို့က ပျော်ရွှင်ဖွယ်ရာအမှုတို့ကို ပြုခြင်းအားဖြင့်သော်လည်းကောင်း စိတ်ထွက်ပေါက်ရှာလေ့ရှိသည်။ ရုပ်ရှင်၊ ဂီတနားဆင်ကြည့်ရှုခြင်းများ ပြုလုပ်၍ စိတ်ထွက်ပေါက်ရှာခြင်းဖြင့် စိတ်ထွက်ပေါက်တို့ ဖွင့်ကြရသည်။

လောက၌ လူတိုင်းသည် အသိတရားရှိကြ၍ ထိုအသိတရားအတိုင်း သတိပြုကျင့်ကြံနေထိုင်သွားခဲ့ပါမူ ရှင်သန်ကြီးပွားတိုးတက်မှု အကြောင်းတရားအရ ကောင်းကျိုးချမ်းသာကိုရရှိစေ၏။ အသိတရားများအပေါ် ဆင်ခြင်ကျင့်ကြံအားထုတ်မည်ဆိုပါက ဘဝတစ်လျှောက်လုံးသည် တိုးတက်နေသည်ဟု ဆိုချင်ပါကြောင်း။   ။






အခြားဆက်စပ်သတင်းများ