နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယီမင်နိုင်ငံတွင် ဟူသီလက်နက်ကိုင်များကို တိုက်ခိုက်နေသည့် ညွန့်ပေါင်းအဖွဲ့က အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

ဧပြီ ၉၊ ဆားနား ယီမင်နိုင်ငံတွင် ဟူသီလက်နက်ကိုင်များကို တိုက်ခိုက်နေသည့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က အပစ်အခတ်ရပ်စဲကြောင်း ကြေညာလိုက်သည်။ ငါးနှစ်ကြာမြင့်သည့် ယီမင်စစ်ပွဲ အဆုံးသတ်စေရန် ကြိုးပမ်းနေသည့် ကုလသမဂ္ဂ၏ အားထုတ်မှုများကို ပံ့ပိုးနိုင်ရန်အတွက် ဧပြီလ ၉ ရက်မှ စတင်၍ အပစ်အခတ်ရပ်စဲမှု အကျုံးဝင်လိမ့်မည်ဟု သတင်းရင်းမြစ်များက ဘီဘီစီသတင်းဌာနသို့ ပြောသည်။ အနောက်နိုင်ငံများ၏ ထောက်ပံ့မှု ရရှိထားသည့် ညွန့်ပေါင်းအဖွဲ့မှာ ၂၀၁၅ ခုနှစ် မတ်လမှစတင်၍ အီရန်နိုင်ငံ၏ ပံ့ပိုးမှုရရှိထားသော ဟူသီလက်နက်ကိုင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဟူသီလက်နက်ကိုင်အဖွဲ့က အပစ်အခတ်ရပ်စဲရေးကို လိုက်နာမည် ဟုတ်၊ မဟုတ် တိတိကျကျ မသိရသေးပေ။ ယီမင်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသူများအနေဖြင့် အပစ်အခတ်ရပ်စဲပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တန်ပြန်နိုင်မည့် အားထုတ်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ပြီးခဲ့သည့်လတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။ ယီမင်စစ်ပွဲတွင် ပါဝင်နေသည့် အဖွဲ့များအနေဖြင့် ယီမင်နိုင်ငံတွင် တင်းမာမှုလျှော့ချနိုင်ရေးအတွက် ကုလသမဂ္ဂအထူးသံအမတ် မာတင်ဂရစ်ဖစ်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။ ညွန့်ပေါင်းအဖွဲ့နှင့် ဟူသီလက်နက်ကိုင်များအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးမည့် ဗီဒီယိုအစည်းအဝေးတွင် ပါဝင်ဖွယ်ရှိနေသည်။ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှုတွင် ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုအားလုံးကို ရပ်ဆိုင်းထားရန် တောင်းဆိုထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ