နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီနိုင်ငံမြောက်ပိုင်းတွင် မြစ်ကူးတံတား ပြိုကျခဲ့သော်လည်း မည်သူမျှ ဒဏ်ရာပြင်းထန်စွာ မရခဲ့

ဧပြီ ၉၊ ရောမ အီတလီနိုင်ငံမြောက်ပိုင်းတွင် မြစ်ကူးတံတားတစ်စင်း ပြိုကျခဲ့သော်လည်း တံတားပေါ်တွင်ရှိနေသည့် ဗန်ကားနှစ်စီးပေါ်မှ ကားသမားနှစ်ဦး ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ခြင်းမရှိကြောင်း ဘီဘီစီသတင်း ဌာနက ဖော်ပြသည်။ တံတားတည်ရှိရာ ပြည်နယ်လမ်းမကြီးမှာ ပုံမှန်အားဖြင့် အသွားအလာ ရှုပ်ထွေးသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ပိတ်ဆို့မှုများ လုပ်ထားသည့်အတွက် တံတားပြိုကျချိန်တွင် ယာဉ်အသွားအလာ နည်းပါးခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် ရိုက်ကူးထားသည့် ဓာတ်ပုံများအရ ပြိုကျခဲ့သည့် တံတားပေါ်တွင် အနီရောင် ကားတစ်စီးကို ဦးမော့နေသည့် အနေအထားဖြင့် မြင်တွေ့ရသည်။ အနီရောင်ကားပေါ်မှ ကားသမားမှာ အင်္ဂတေအပိုင်းအစများ ထိမှန်ခဲ့ခြင်းကြောင့် ဆေးရုံကို ရဟတ်ယာဉ်ဖြင့် တင်ပို့ခဲ့သော်လည်း အသေးစားဒဏ်ရာသာ ရခဲ့သည်ဟု ဆိုသည်။ နောက်ထပ်ဗန်ကားတစ်စီး၏ ယာဉ်မောင်းမှာ ကားထဲမှ ရုန်းထွက်လာနိုင်ခဲ့သည်။ အဆိုပါဖြစ်ရပ်တွင် မြစ်ထဲကို ပြုတ်ကျသွားသူ ရှိ၊ မရှိဆိုခြင်းကို မီးသတ်သမားများက စစ်ဆေးနေသည်။ ၂၀၁၈ ခုနှစ် သြဂုတ်လက အီတလီနိုင်ငံ ဂျီနိုအာမြို့တွင် မိုရန်ဒီတံတား ပြိုကျခဲ့ပြီး အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း အီတလီနိုင်ငံရှိ တံတားများ၏ ကြံ့ခိုင်မှုအခြေအနေကို စောင့်ကြည့်မှု များပြားလာခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ