နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာသော နှလုံးသားဖန်တီးတည်ဆောက်

ရန်ကုန်၊ ဇူလိုင် ၁၄


သွေးတိုးရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးရောဂါဖြစ်သည်။ လူတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိသည့် သွေးတိုးရောဂါ၊ လေဖြတ်ရောဂါနှင့် နှလုံးရောဂါတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ ကမ္ဘာပေါ်တွင် နှလုံးရောဂါနှင့် လေဖြတ်မှုရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ကမ္ဘာ့နှလုံး ရောဂါအဖွဲ့ချုပ်အပါအဝင် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်တို့က ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသည်ဟု ကျန်းမာရေးသတင်းများအရ သိရှိရသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် နှလုံးသွေးကြောရောဂါကြောင့် အရွယ်မတိုင်မီ သေဆုံးရခြင်းကို ၂၅ ရာခိုင်နှုန်းလျှော့ချရန် ကြိုးပမ်းနေမှုကို ကမ္ဘာ့နှလုံးအဖွဲ့ချုပ်က ပူးပေါင်း ဆောင်ရွက်နေသည်ဟု ဆိုပေသည်။ နှလုံးရောဂါနှင့် လေဖြတ်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ သွေးချိုအစရှိသော နှလုံးနှင့်ဆက်စပ်သော ရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၁၇ ဒသမ ၃ သန်းကျော် အသက်ဆုံးရှုံးကြရ သည်။


လူတိုင်း နှလုံးရောဂါမဖြစ်ပွားရလေအောင် သတိပြုနေထိုင်စားသောက်လိုက်နာရန် လိုအပ်သည်။ လူတို့ နေထိုင်စားသောက်မှုပုံစံ‌ ပြောင်းလဲလာခြင်း၊ နေ့စဉ်လေ့ကျင့်ခန်းလုပ်ချိန် လျော့ပါးလာခြင်း၊ အဆီ၊ အအိမ့်ပါသော အစားအစာများ စားသောက်မှုပုံစံပြောင်းခြင်း၊ အရက်၊ ဆေးလိပ် အလွန်အကျွံ သုံးစွဲလာခြင်း သည် ရောဂါတိုးပွားအောင် ပံ့ပိုးမှုများဖြစ်သဖြင့် သတိပြုနေထိုင် စားသောက်ကြရမည်ဖြစ်သည်။


ဤရောဂါဆိုးမှကာကွယ်ရန် သွေးပေါင်ချိန်မှန်မှန်တိုင်းခြင်း၊ သွေးတွင်း သကြားဓာတ်ပမာဏတိုင်းခြင်း၊  အစားအသောက်ဆင်ခြင်ခြင်း၊ ဆေးလိပ်ရှောင်ကြဉ်ခြင်း၊ သွက်လက်စွာ သွားလာလှုပ်ရှားခြင်း၊ ကျွမ်းကျင်သော သူများထံမှ အကြံဉာဏ်ကောင်းများရယူခြင်းတို့ဖြင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည် ဆိုစကားအတိုင်း ရောဂါဆိုးမှကင်းဝေးနိုင်မည်ဖြစ်သည်။


ခါးတွင် အဆီများစုလာပြီဆိုလျှင် နှလုံးအတွက် အန္တရာယ်ရှိလာသည့်အတွက် ကိုယ်အလေးချိန်ကိုမဖြစ်မနေ လျှော့ချရန်လိုအပ်လာသည်။ နှလုံးအတွက် လေ့ကျင့်ခန်းအပြင်းစားများမလိုအပ်ဘဲ ကခုန်ခြင်းနှင့် လမ်း မှန်မှန်လျှောက်ခြင်းသည် နှလုံးသွေးလည်ပတ်မှုစနစ်ကို အထောက်အကူပြုစေသည်ဟု ကျန်းမာရေးသုတေသီ များက ပြောကြားထားသည်။


လေ့လာတွေ့ရှိချက်များအရ စိုးရိမ်ပူပန်မှုများသူများသည် အသက်ကြီးလာသည့် အခါ နှလုံးရောဂါဖြစ်ပွားနိုင်ခြေများကြောင်း စိုးရိမ်ပူပန်မှုများခြင်းသည် နှလုံးခုန်နှုန်းကို နှေးကွေးသွားစေပြီး သွေးဖိအားကို မြင့်တက်စေကြောင်း အသိပေးထားသည်။  နှလုံးရောဂါအန္တရာယ်ကို လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်စုချင်း၊ ကြိုးပမ်းဆောင်ရွက်မှ ကျန်းမာသော လူ့အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးဆောင်ရွက်စေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ