နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အချိန်မီစိုက်ပျိုးရေး

ရန်ကုန်   ဇူလိုင်   ၁၂

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် စပါးအဓိကစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် မိုးဖြိုင်ဖြိုင်ရွာသော ကာလများတွင် ကောက်စိုက်လေ့ရှိသော်လည်း အောက်ပိုင်းအရပ်ဒေသများ တွင် ရေတော်မိုးတော် အနေအထားရ စိုက်ပျိုးလျက်ရှိသည်။ ယခုအခါ ဆည်ရေသွင်းနှင့် စိုက်သောနေရာဒေသ များတွင် မစိုက်ပျိုးရသေးဘဲ စိုက်ပျိုးရေလိုအပ်ချက်အနည်းဆုံးစနစ်ဖြင့် စိုက်ပျိုးရန် အချို့နေရာများတွင် ပြင်ဆင်လျက်ရှိသည်။ မိုးကောင်းသော လယ်မြေများတွင်လည်း စိုက်ပျိုးရန် ရေကို စောင့်လျက်ရှိကြသည်။

ယနေ့ဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေအရ စပါးများ စိုက်ပျိုးရာတွင် ပျိုးသက်နုစိုက်ပျိုးနည်းစနစ်နှင့် ဘောင်ပျိုးစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးကြသော တောင်သူလယ်သမားဦးကြီးများအတွက် စိုက်ပျိုးနည်းပညာ များကို စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဝေလျက်ရှိသည်။ စီးသည့်ရေ ဆယ်သည့်ကန်သင်းဆိုရိုးစကားကဲ့သို့ လိုအပ် သောမိုးရေများကို ထိန်းသိမ်းသိုလှောင်ရန်နှင့် ကန်သင်းပေါင်ကောင်းမွန်ရေးကိုလည်း အလေးထားဆောင်ရွက် ကြရသည်။

စိုက်ပျိုးရေးပညာရှင်တို့၏ အဆိုအရ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို  လိုက်နာခြင်း စပါးအထွက်ကို  တိုးစေသော်လည်း ကောက်ကွက်များ မစိတ်လွန်း မကျဲလွန်းစိုက်ပျိုးခြင်းဖြင့် စပါးအထွက်တိုးစေနိုင်သည်။  အထွက်နှုန်းပိုမိုထွက်ရှိ၍ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာကျင့်သုံးရာတွင် မျိုးကွဲနုတ်ပယ်ခြင်း၊ ဓာတ်မြေဩဇာစနစ် တကျ ပေါင်းစပ်သုံးစွဲရေးနှင့် ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည်။

တိုက်ရိုက်မျိုးစေ့ချစပါးစိုက်ပျိုးရာတွင် လိုအပ်သည့် ဆည်ရေ(သို့မဟုတ်) သွင်းရေကို ချွေတာနိုင်သည်။ ပျိုးခင်းစရိတ်၊ ပျိုးနုတ်ပျိုးသယ်ကောက်စိုက်စရိတ်မကုန်ကျသဖြင့် လုပ်အားခကုန်ကျမှုလျော့နည်းခြင်းကြောင့်     စပါးစိုက်ပျိုးစရိတ်သက်သာသည်။ စိုက်ပျိုးရန် လွယ်ကူပြီး လျင်မြန်စွာစိုက်ပျိုးပြီးစီးနိုင်သည်။ ယခုကဲ့သို့ မြန်မာ နိုင်ငံအလယ်ပိုင်း စပါးပျိုးထောင်ရန် မိုးမရွာသည့် အခြေအနေတွင် စိုက်ပျိုးချိန် နောက်မကျစေဘဲ စပါးစိုက်ပျိုး နိုင်သည့် နည်းစနစ်မှာ အခြောက်ထွန်ရေး(သို့မဟုတ်) အစိုတမန်းတိုက်ရိုက်မျိုးစေ့ချစနစ်သာ ဖြစ်သည်။ စပါး နှင့် ပေါင်းမြက်ပင်တို့မှာ တစ်ပြိုင်တည်း ပေါက်ရောက်သဖြင့် ပေါင်းမြက်ထူပြောခြင်း၊ ကြွက်၊ ငှက်၊ ခရု၊ ပုရစ်၊ ပုရွက်ဆိတ်၊ နီမတုတ်စသည့် ဖျက်ကောင်အမျိုးမျိုး ဖျက်ဆီးမှုအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိသည်။

မိုးစပါးစိုက်ချိန်ကို နှစ်စဉ်ဇူလိုင်လတွင် စိုက်ပျိုးခြင်းသည် မိုးစပါးအထွက်ချိန်မှန်မှန် ဖြစ်သည်။ စပါးကို တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းကောင်းလာပါမှ တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝတိုးတက်လာမည် ဖြစ်ရာ စပါးစိုက်ပျိုးရာတွင် သိပ္ပံနည်းကျစိုက်ပျိုးခြင်းကို တိုးချဲ့ဆောင်ရွက်စေချင်ကြောင်း။         ။






အခြားဆက်စပ်သတင်းများ