ဇူလိုင် ၁၂၊ ဂျေရုစလင်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် အစိုးရ၏ကိုင်တွယ်ဖြေရှင်းပုံ မှားယွင်းမှုကြောင့် စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေရသည်ဟုဆိုကာ တဲလ်အဗစ်မြို့တွင် အစ္စရေးနိုင်ငံသား ထောင်ပေါင်းများစွာက ဆန္ဒပြခဲ့ကြသည်။ ရာဘင်ရင်ပြင်မှ ဆန္ဒပြပွဲတွင် ပါဝင်သည့် လူငယ်များမှာ နှာခေါင်း စည်းတပ်ဆင်ခဲ့ကြသော်လည်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းများကို လိုက်နာခဲ့ခြင်းမရှိပေ။
အစိုးရ၏ နစ်နာကြေးပေးချေမှုများမှာ အချိန်ကြာမြင့်သည်ဟု ဆန္ဒပြသူများက ဆိုသည်။ ရာဘင်ရင်ပြင်တွင် ကျင်းပခဲ့သည့် ဆန္ဒပြပွဲကို အသေးစားစီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကြသူများ၊ ပါဖောင်းမန့်အနုပညာရှင်အဖွဲ့များက ကြီးမှူးကျင်းပခြင်းဖြစ်သည်။ လူအများအပြားမှာ စီးပွားရေးအကျပ်အတည်းများ ရင်ဆိုင်နေရပြီး ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများကြောင့် ယင်းတို့၏ တစ်နေ့တာဝင်ငွေများ ဆုံးရှုံးရခြင်းအပေါ် ဒေါသထွက်လျက်ရှိသည်။ အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်မှ ပေးအပ်သည့်ငွေကိုလည်း ယခုအချိန်အထိ လက်ခံရရှိခြင်း မရှိသေးဟု ဆန္ဒပြသူများက ဆိုသည်။
ပြီးခဲ့သည့်သောကြာနေ့တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက တက်ကြွလှုပ်ရှားသူများနှင့်တွေ့ဆုံခဲ့ပြီး ယင်းတို့၏ အခက်အခဲများကို ဆွေးနွေးခဲ့သည်။ အစ္စရေးနိုင်ငံမှာ ပြီးခဲ့သည့်မတ်လအလယ်ပိုင်းမှစတင်၍ တင်းကျပ်သည့် ပိတ်ဆို့မှုချမှတ်ခဲ့သော်လည်း မေလနှောင်းပိုင်းတွင် ကန့်သတ်မှုစည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့သည်။ သို့သော် အစ္စရေးနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၃၅၄ ဦး သေဆုံးခဲ့သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။
Ref:BBC(KNT)