နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘောလိဝုဒ်နာမည်ကျော်မင်းသားကြီး အမီတာဘချမ်းတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိ

ဇူလိုင် ၁၂၊ နယူးဒေလီ

အိန္ဒိယနိုင်ငံ၏ နာမည်အကျော်ကြားဆုံး သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်သည့် အမီတာဘချမ်းက ယင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွစ်တာပေါ်၌ ထုတ်ဖော်ရေးသားခဲ့သည်။ ''ကျွန်တော့်ကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရပါတယ်။ အဲဒီအတွက် ဆေးရုံတက်နေပါတယ်။ ဆေးရုံက အာဏာပိုင်တွေကို အကြောင်းကြားထားပြီး မိသားစုနဲ့ ဝန်ထမ်းတွေကို ဆေးစစ်မှုလုပ်ထားပါတယ်။ ဆေးစစ်မှုရလဒ်တွေကိုတော့ စောင့်နေတုန်းပါ''ဟု အမီတာဘချမ်းက ရေးသားထားသည်။

အသက် ၇၇ နှစ်ရှိသည့် အမီတာဘချမ်းသည် လွန်ခဲ့သည့်ဆယ်စုနှစ်ငါးခုတွင် ဟောလိဝုဒ်ကြယ်ပွင့်ဖြစ်လာခဲ့ပြီးနောက် ရုပ်ရှင်ဇာတ်ကား ၂၀၀ တွင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ အသက် ၄၄ နှစ်အရွယ်ရှိသည့် ယင်း၏သားဖြစ်သူ အဘီရှက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။ အမီတာဘချမ်းနှင့် အဘီရှက်တို့ကို မွမ်ဘိုင်းမြို့ရှိ နာနာဝတီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယင်းတို့နှစ်ဦးလုံး ရောဂါလက္ခဏာ မဆိုသလောက်သာ ပြသည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၁၀ ရက်အတွင်း ယင်းနှင့် ထိတွေ့မိခဲ့သူများအနေဖြင့် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးကြရန် အမီတာဘချမ်းက တိုက်တွန်းထားသည်။ အမီတာဘချမ်းတွင် ကိုရိုနာဗိုင်းရပ်စ် ရှိနေသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်တွင် အားပေးနှစ်သိမ့်သည့် ရေးသားဖော်ပြမှု အများအပြားရှိလာခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၂၁၀၀၀ နီးပါးရှိနေပြီး ကမ္ဘာပေါ်တွင် တတိယမြောက် ရောဂါကူးစက်မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ