နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မသန်စွမ်းသူအိမ်ထောင်စု ၃၆၀ ကို ဆန်များထောက်ပံ့ပေးအပ်

ရန်ကုန် ဧပြီ ၉ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ရွှေမင်းသားဖောင်ဒေးရှင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမသန်စွမ်း အသင်းတို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူအိမ်ထောင်စု ၃၆၀ စုအတွက် ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ "အသင်းချုပ်အနေနဲ့ စပြီးကြိုးစားတာပေါ့။ အခုထောက်ပံ့ပေးတဲ့ ၃၆၀ ဆိုတာဟာ ရန်ကုန်မှာပဲ စပေးနိုင်သေးတာပါ။ လိုအပ်ချက်နဲ့ နှိုင်းစာရင် ဝ ဒသမ ၅ ရာခိုင်နှုန်းတောင် မရှိသေးဘူးထင်ပါတယ်"ဟု မြန်မာနိုင်ငံမသန်စွမ်းသူ များအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။ မဟာသင်္ကြန်ကာလတွင် စားသုံးနိုင်ရန်အတွက် မသန်စွမ်းသူအိမ်ထောင်စု ၃၆၀ စုအား အိမ်ထောင်စု တစ်စုလျှင် ဆန် ၄ ပြည်နှုန်းဖြင့် စုစုပေါင်း ဆန်တင်း ၉၀ ကို သက်ဆိုင်ရာခေါင်းဆောင်များမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။ အဆိုပါဆန်များကို ထောက်ပံ့ပေးအပ်ရာတွင် ရပြီးသားသူများ ထပ်မံမရရှိစေရန်၊ အမှန်တကယ်လိုအပ် သည့် မသန်စွမ်းသူများ၏ လက်ထဲကို မှန်မှန်ကန်ကန်ရောက်ရှိစေရန်အတွက်ကိုလည်း စနစ်တကျဆောင်ရွက် လျက်ရှိသည်ဟုလည်း ဦးအောင်ကိုမြင့်က ပြောသည်။ COVID-19 ကပ်ရောဂါကြောင့် အခက်အခဲကြုံတွေ့ပြီး စားဝတ်နေရေးမပြေလည်ကြသည့်အထဲတွင် မသန်စွမ်းသူများလည်း ပါရှိလျက်ရှိသည့်အတွက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မသန်စွမ်းသူ များကိုလည်း ထောက်ပံ့ပေးနိုင်ရန် အသင်းချုပ်မှ ကြိုးစားလျက်ရှိသည်။ "နဂိုကတည်းကမှ အလုပ်အကိုင်အခွင့်အလမ်းက အဆင်မပြေပါဘူးဆိုမှ အခုလိုအလုပ်တွေနားထားရတဲ့ အချိန်မှာ မသန်စွမ်းသူတွေရဲ့ စားဝတ်နေရေးဟာ ပိုဆိုးပါတယ်"ဟု ဦးအောင်ကိုမြင့်က ပြောသည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ၂၃ သိန်းကျော်ရှိပြီး ယင်းတို့ ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများကို နားလည်သော စီးပွားရေးလုပ်ငန်းရှင် မိဘပြည်သူများက မသန်စွမ်းအသင်းနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် အချိန်မရွေးဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဦးအောင်ကိုမြင့်က ဖိတ်ခေါ်လိုက်သည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ