နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သားသမီးများကပြောပြသော အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း

ဇူလိုင်    ၁၀


၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ (၇၃)ကြိမ်မြောက် အာဇာနည်နေ့ နှစ်ပတ်လည်ဖြစ်ပါ တယ်။ လွန်ခဲ့သော ၂၀၁၅ ခုနှစ်မှစ၍ ထူးထူးခြားခြားအနေဖြင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ သားသမီးဆွေမျိုးတွေ၏ အမှတ်တရခံစားချက်တွေကို သတင်းထောက်များကအိမ်တိုင်ရာရောက် သွားရောက်တွေ့ဆုံမေးမြန်းထားပြီး နိုင်ငံပိုင်သတင်းစာတချို့၊ ပုဂ္ဂလိကသတင်းစာတချို့နှင့် ဂျာနယ်တွေမှာ အကြောင်းအရာတွေကို တခမ်းတနားဖော်ပြပေးပါတယ်။ အဲဒီလိုဖော်ပြပေးတဲ့အတွက် ကျွန်မတို့လို နောင်လာနောက်သားအဖို့ ဗဟုသုတရစရာတွေ မှတ်သားစရာတွေ သိခွင့်ရခဲ့ပါတယ်။ ကျွန်မလိုပဲ ဗဟုသုတရှာမှီးလိုသူများအတွက် သတင်းအချက်အလက်လေးတွေကို ကောက်နုတ်ပြီး အောက်ပါအတိုင်း ပြန်လည်မျှဝေလိုက်ရပါတယ်ရှင်။


ဗိုလ်ချုပ်အောင်ဆန်း

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသက်(၁၇)နှစ်အရွယ် ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားကြီးဖြစ်နေပြီး၊ အသက်(၃၂)နှစ်အရွယ် ၁၉၄၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ တက္ကသိုလ်ရောက်ချိန်မှ ကျဆုံးချိန်အထိ ၁၅ နှစ်ကာလအတွင်း မြန်မာ့လွတ်လပ်ရေးအတွက် မနားမနေ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ လူငယ်လူရွယ်တစ်ယောက်ဖြစ်သော်လည်း အပျော်အပါးနောက်မလိုက်ဘဲ ကိုယ်ကျိုးအတွက် သူမကြည့်၊ ဘယ်အဆင့် ဘယ်နေရာရောက်မှဆိုသည်မှာ သူ့အတွက်ဘာမှမဟုတ်၊ တိုင်းပြည်အတွက်၊ ပြည်သူအတွက်သာ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် လည်း ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံးအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မက အာဇာနည် နေ့ကို အလွန်ငယ်သေးတော့ မမှတ်မိတော့ပါဘူး။ ကျွန်မသိတတ်စကနေ ကျင်းပလာခဲ့တဲ့အာဇာနည်နေ့  အခမ်းအနားတွေကိုတော့ မှတ်မိပါတယ်။ နောက်ပိုင်းမှာ အာဇာနည်နေ့ အခမ်းအနားကို လွတ်လွတ်လပ်လပ်ကျင်းပခွင့်ပေးလာတာကြောင့် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွေက ပိုပြီးစည်ကားသိုက်မြိုက်လာတာကို တွေ့ရပါတယ်။  အာဇာနည်နေ့ကနေ ထာဝရအတွက် သင်ခန်းစာတစ်ခုကို ရရှိခဲ့တယ်လို့ ကျွန်မထင်မြင်မိပါတယ်။ အဲဒါက နိုင်ငံရေးပြဿနာကို အကြမ်းနည်းနဲ့  ဖြေရှင်းဖို့ဆိုတာ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ ဘယ်တော့မှမကြိုးစားသင့်ပါဘူး။ အကြမ်းနည်းသုံးဖြေရှင်း သူတွေက သူတို့ရဲ့လုပ်ရပ်ကြောင့် ဆိုးရွားတဲ့အကျိုးကိုသာ သူတို့ကိုယ်တိုင် ခံစားရမှာဖြစ်ပါတယ်။ ရေတိုမှာ အကျိုးအမြတ်ရှိသလို ထင်ရကောင်းထင်ရနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ အောင်မြင်တဲ့ပန်းတိုင်ကို  ရရှိမှာမဟုတ်ဘူးဆိုတဲ့ သင်ခန်းစာပါပဲ။ ဖေဖေတို့နဲ့ပတ်သက်လို့ကတော့ ဖေဖေတို့ကို ကြမ္မာဆိုး ဖန်တီးပေးသူတွေဟာ ချက်ချင်းနာရီအနည်းငယ်အတွင်းမှာ ဖမ်းဆီးမိခဲ့ပြီး ဆိုးကျိုးတွေရရှိခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရေးပြဿနာဟာ ညှိနှိုင်းအဖြေရှာခြင်းနဲ့ ငြိမ်းချမ်းစွာဆောင်ရွက်ခြင်းတွေနဲ့သာ  ကောင်းမွန်တဲ့အခြေတစ်ခုကို ပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်” တဲ့။


ဦးဘဝင်း

ဦးဘဝင်းက ဗိုလ်ချုပ် အောင်ဆန်းရဲ့အစ်ကိုပါ။ ဗိုလ်ချုပ်ထက် အသက်  ၁၅ နှစ် ကြီးပါတယ်။  ဒီးဒုတ်ဦးဘချို ရဲ့ အကြံပေးမှုနဲ့ ဦးဘဝင်းက ရေနံချောင်းကနေ အမတ်အဖြစ်အရွေးခံပြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။  နိုင်ငံရေးသက်တမ်းတွင် ဝါမရင့်သေးသော်လည်း ဂုဏ်ထူးဝိသေသရှိသောသူ၊  တည်ကြည်ဖြောင့်မတ်သည့် ဂုဏ်အင်္ဂါရှိသူ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဦးဘဝင်းမကွယ်လွန်ခင်အထိ  ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။  


မန်းဘခိုင်

မန်းဘခိုင်စကားပြောသည့်အခါ ထွက်လာသည့်အသံ၊ လေယူလေသိမ်း၊ ပြောပုံဆိုပုံ၊ စကားလုံး ပြောင်မြောက်ပုံများသည် ကရင်အမျိုးသားမှဟုတ်ပါရဲ့လားဟု ထင်မှတ်မှားလောက်အောင် ကောင်းလှပါ တယ်။ မန်းဘခိုင်သည် ရိုးသားဖြောင့်မတ်သူ၊ တည်ကြည်သူ၊ မှန်သည်ထင်က မည်သူ့ကိုမှအားမနာတတ်သူ၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး အားထုတ်သူ၊ ဖဆပလအမှုဆောင်အဖွဲ့တစ်ဖွဲ့လုံးက အားကိုးခံရသူ ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီး၍အစိုးရအဖွဲ့နိုင်လျှင် မန်းဘခိုင်ကို ဒုတိယနန်းရင်းဝန် (ဒုတိယဝန်ကြီးချုပ်) ခန့်မည်ဟု ဗိုလ်ချုပ်ကမကြာခဏပြောလေ့ရှိကြောင်း ဖတ်ရှုမှတ်သားရပါတယ်။

မန်းဘခိုင် မကွယ်လွန်ခင်အထိ အလုပ်သမားဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မန်းဘခိုင်နဲ့     ဗိုလ်ချုပ်အောင်ဆန်းတို့တွေ့ဆုံပုံက ဆန်းကြယ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြိုခေတ် ၁၉၃၉ ဝန်းကျင် ဇလွန်မြို့၊ ဒေါင့်ကြီးကျေးရွာမှာ နယ်ချဲ့ဆန့်ကျင်ရေးတရားဟောတဲ့ ဗိုလ်ချုပ်ကို အင်္ဂလိပ်အစိုးရက ဆုငွေငါးကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ပါတယ်။ ဗိုလ်ချုပ်အဖမ်းမခံရရေးအတွက် ကျုံမငေးမှ သခင်တင်မောင်က ကရင်တိုင်းရင်းသူ  မေရီလှတောကို အကူအညီတောင်းရာ သူမကကျောင်းနေဖက်သူငယ်ချင်း မန်းဘခိုင်နေအိမ်မှာ ဗိုလ်ချုပ်ကို ဝှက်ပေးရန်ထားခဲ့ပါတယ်။ မန်းဘခိုင်က ဗိုလ်ချုပ်နဲ့ ရှေးယခင်က တစ်ခါမျှမတွေ့ဖူးမမြင်ဖူးမရင်းနှီးပေ မယ့် သူ့အိမ်ရဲ့ရေချိုးခန်းထဲမှာ ၃ ရက်ကြာဝှက်ထားပေးပါတယ်။ မန်းဘခိုင်က ငှက်ပျောသီးကုန်သည် ဖြစ်တာကြောင့် ရန်ကုန်ကိုပို့မယ့်ငှက်ပျောကုန်တင်လှေကြီးဖြင့် ဗိုလ်ချုပ်က ကုန်ထမ်းသမားဟန်လိုက်ပါ လွတ်မြောက်ခဲ့ပါတယ်။ မန်းဘခိုင်၏သစ္စာရှိ ရိုးသားမှု သတ္တိရှိမှုတွေအတွက် ဗိုလ်ချုပ်က နိုင်ငံရေးလုပ်ဖို့ တိုက်တွန်းရာကနေ ပုသိမ်မှ ဖဆပလအမတ်အဖြစ်အရွေးခံပြီး နိုင်ငံရေးနယ်ထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ ဗိုလ်ချုပ်က သူ့ကို  လွန်စွာအားထားတာကြောင့် အစည်းအဝေးလုပ်စဉ် မန်းဘခိုင်က ဗိုလ်ချုပ်ရဲ့ညာဘက်မှာ ထိုင်ရပါတယ်။ ဇူလိူင် ၁၉ မှာ လုပ်ကြံခံရတော့ ဗိုလ်ချုပ်က ကျည်ဆန် ၁၃ ချက် ၊ ဗိုလ်ချုပ်အနီးဆုံးမှာထိုင်နေ တဲ့  မန်းဘခိုင်က ကျည်ဆန် ၁၅ ချက် ထိမှန်ခံရပါတယ်။


မိုင်းပွန်စော်ဘွား စဝ်စံထွန်း

မိုင်းပွန်စော်ဘွား စဝ်စံထွန်းသည် နယ်စပ်ဒေသအမတ်အားလုံး၏ အားထားရာဖြစ်ပါတယ်။ လုပ်ကြံခံရသောနေ့ဖြစ်ဖြစ်ချင်း ဇူလိုင်လ ၁၉ ရက်နေ့မှာမဆုံးဘဲ ၂၀ ရက်မှ ရန်ကုန်ဆေးရုံကြီးမှာဆုံးတာပါ။ သွေးလွန်ပြီးဆုံးတယ်လို့ပြောရမှာပါ။ ဒဏ်ရာကတော့ လည်ပင်းမှာတစ်ချက် အောက်ဆီးစပ်မှာတစ်ချက် ထိခဲ့ပါတယ်။   မိုင်းပွန်စော်ဘွားရဲ့သားက ဒီလိုပြောပါတယ် “ဖေဖေက တိုင်းရင်းသားညီညွတ်ရေးအတွက် ဗိုလ်ချုပ်နဲ့အတူ နေ့မအား ညမအား ဆောင်ရွက်ခဲ့တယ်။ ပထမပင်လုံညီလာခံတုန်းကလည်း သူကိုယ်တိုင် ဦးစီးဦးဆောင်အဖွဲ့ထဲမှာပါတယ်။ ဒုတိယပင်လုံညီလာခံလုပ်ဖို့လည်း စည်းရုံးရေးတော်တော်လုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းက စော်ဘွားတစ်ယောက်နယ်ထဲသွားလာလို့ရှိရင် နယ်သူ နယ်သားတွေက ထိုင်ပြီးတော့ ဦးညွှတ်ရတဲ့ ဓလေ့ရှိတယ်။  ဖေဖေက အဲဒီဓလေ့ကိုလုံးဝမကြိုက်ဘူး။  အဲဒီလိုလည်း မလုပ်ခိုင်းဘူး။ မိုင်းပွန်စော်ဘွား ရုပ်အလောင်းကို မိုင်းပွန်ပြန်သယ်ပါတယ်။ မိုင်းပွန်မှာမီးသင်္ဂြိုဟ်ပါတယ်။ ပြာတစ်ဝက်ကို မိုင်းပွန်မှာထားပြီး ကျန်တစ်ဝက်ကို ရန်ကုန်ပြန်သယ်ပါတယ်” တဲ့။


ဦးရာဇတ်

ဦးရာဇတ်(ခေါ်)မစ္စတာအပ္ပဒူရာဇတ်သည် တော်လှန်ရေးတွင် လက်နက်ကိုင်၍ ကိုယ်တိုင်မပါဝင်ခဲ့ သော်လည်း အထက်မြန်မာပြည်တော်လှန်ရေးဆင်နွှဲသည့် လူငယ်များအတွက် လမ်းညွှန်မှုများပေးနိုင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဖဆပလအပေါ်သစ္စာရှိသူ၊ စိတ်ဝမ်းမကွဲသူ၊ တိုင်းရင်းသားလူနည်းစု ပြဿနာကို ဖြေရှင်းပေးနိုင်သူ၊ စည်းမျဉ်းစည်းကမ်းရိုသေသူတစ်ဦးဖြစ်ပါတယ်။ ဦးရာဇတ်မကွယ်လွန်ခင် အထိ ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။  ဦးရာဇတ်ရဲ့သားက ဒီလိုပြောပြပါတယ်                       “ဖေဖေက မိသားစုကိုလည်းချစ်တယ်။ ညဘက်ရောက်ရင်ပုံပြောပြတယ်။ ညဘက်အိပ်ရာဝင်ရင် ခြေလက်  သေချာဆေးပြီးအိပ် အဲလိုအိပ်လို့ရှိရင် နတ်တွေကမင်းတို့ကိုချစ်တယ်။ လက်ဆောင်တွေပေးတယ် ဆိုပြောပြီး ခြေလက်ဆေးခိုင်းတယ်။ ကျွန်တော် မနက်နိုးလာတော့ အခန်းထဲမှာလက်ဆောင်တွေ ပိုက်ဆံတွေတွေ့ရ တယ်။ ဖေဖေညက လာထားသွားတာကိုး။ ဖေဖေက ဗုဒ္ဓဘာသာအပေါ်လည်း အင်မတန်လေးစားတယ်။  ကိုရင်တွေကို စာသင်ပေးတယ်။  မန္တလေးတက္ကသိုလ်ဖြစ်မြောက်အောင် တည်ထောင်ပေးခဲ့တယ်။ အများ မသိလိုက်တာလေးတစ်ခုရှိသေးတယ်။ အဖေဆုံးပြီးတော့  အိမ်မှာ အစောင့်တွေလာထားပေးတယ်။ အစောင့်တွေလာထားတဲ့အခါ အစောင့်လာထားတဲ့ ရဲဘော်တွေကြောင့်လား ဘာလားတော့မသိဘူး။ အိမ်ကို  သုံးခါလောက်လာပစ်တာကြုံခဲ့ရတယ်။ အဲဒီတုန်း အစိုးရကပေးတဲ့အိမ်ပေါ့။ အခု ငါးထပ်ကြီးဘုရားလမ်း  အမှတ်(၁၀)ပေါ့” တဲ့။


ဒီးဒုတ် ဦးဘချို

စာပေနှင့် ဂီတလောကတွင် နှစ်ယောက်မရှိသူ၊ စာပေဗဟုသုတဘက်တွင် စာအုပ်လှန်စရာမလိုဘဲ စာကိုအလွတ်ရွတ်ပြနိုင်သူ၊ ဂီတဘက်တွင် ပညာဗဟုသုတဖြန့်ဝေပေးနေသူ၊ ဆေးဝါး၊ မန္တရား၊ အင်း၊ အိုင်ဘက်တွင် ကျွမ်းကျင်သူ၊ပန်းချီဘက်တွင်လည်း ဝါရင့်ပန်းချီဆရာများကိုပင် လမ်းညွှန်နိုင်သူ၊ လုပ်ငန်း မှန်သမျှ သူမပါလျှင်မပြီး ခရီးရောက်သည့်သူ၊ အဘက်ဘက်မှစွယ်စုံရပညာရှင် Versatile ဆရာကြီး ဖြစ်ပါတယ်။  ဒီးဒုတ်ဦးဘချို မကွယ်လွန်ခင်အထိ သတင်းဖြန့်ချိရေးနှင့် ဝါဒဖြန့်ဖြူးရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။   ဒီးဒုတ်ဦးဘချိုရဲ့မြေးက ဒီလိုပြောပါတယ် “ကျွန်မတို့ လူကြီးတွေပြန်ပြောပြသလောက် ဆိုရင် အဘိုးက ဘက်စုံတော်တဲ့စွယ်စုံပညာရှင်တစ်ယောက်ပါ။ နက္ခတ်ပညာရော၊ ဂီတပညာရော၊ စာပေ ပညာရော ရပါတယ်။ အဘိုးက ဒီးဒုတ်ဂျာနယ်ကိုထောင်ပြီး ထုတ်ဝေခဲ့တယ်။ အဘိုးဆုံးပြီး ၆ လ ၇ လ လောက်တော့ အဘွားကဦးဆောင်ပြီး ဒီးဒုတ်ဂျာနယ်ကိုဆက်လုပ်ပြီး ရပ်နားခဲ့ရပါတယ်။ အဘိုးက ဆောင်းပါး တွေ အများကြီးရေးခဲ့တယ်။ အင်္ဂလိပ်ခေတ်တစ်ခေတ်လုံး ဂျပန်ခေတ်တစ်ခေတ်လုံး သူလုပ်ပေးခဲ့တာတွေ အများကြီးပါပဲ” တဲ့။


သခင်မြ

သခင်မြသည် စိတ်အေးသူ၊ စိတ်သဘောထားကောင်း၍ ချင့်ချိန်နိုင်စွမ်းရှိသူ၊ အေးအေးဆေးဆေး စဉ်းစားတတ်သူ၊ စွမ်းဆောင်ရည်ရှိသူဖြစ်ကာ အကြောင်းရပ်တိုင်း၌ ပြတ်ပြတ်သားသားရှင်းလင်းနိုင်သည့် သတ္တိရှင်ဖြစ်ပါတယ်။ သခင်မြမကွယ်လွန်ခင်အထိ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။  သခင်မြတွင် သားသမီးမထွန်းကားခဲ့ပါဘူး။ တူ၊ တူမ ၂ ယောက်ကို မွေးစားခဲ့ပါတယ်။ သခင်မြရဲ့တူမက “ဘဘက အမြဲအေးချမ်းပြီး အမြဲပြုံးနေတတ်တယ်။ အောက်လက်ငယ်သား တွေအပေါ်မှာ သိပ်ရည်မွန်တယ်။  ကျောသားရင်သားမခွဲခြားဘူး။ ထမင်းစားရင်တောင် ငါ ဝန်ကြီးဆိုပြီးမရှိဘူး။ အတူတူလာစားကြဆိုပြီး တပည့်တပန်းတွေနဲ့ ပျော်ပျော်နေတယ်။ သူ့ဇနီးကလည်း ဒီအတိုင်းပဲ စိတ်တူကိုယ်တူ။ ဘဘကို အမြဲပါရမီဖြည့်တယ်။ အာဇာနည်စိတ်ဓာတ်ဆိုတာ ကိုယ့်ကျိုးကိုမကြည့်ဘူး တိုင်းပြည်အတွက် အသက်ကို ပေးဆပ်တယ်။ ကိုယ့်အတွက်ဆိုတာ လုံးဝမကြည့်ဘဲနဲ့ တိုင်းပြည်ကောင်းစားဖို့ပဲ ကြည့်ကြတဲ့သူတွေ။ ဗိုလ်ချုပ်က ငါတို့တိုင်းပြည်ကောင်းစားဖို့လုပ်နေတာ။ ငါတို့ကိုမုန်းတဲ့သူတွေမရှိဘူး။ ငါတို့မှာ ရန်သူမရှိဘူးလို့ တောင် သတ်မှတ်ထားတဲ့သူပဲ”တဲ့။ သခင်မြရဲ့တူက ဒီလိုပြောပါတယ် “အာဇာနည်ဆိုတာ Hero လို့လည်း ပြောလို့မရဘူးလို့ထင်တယ်။ အာဇာနည်စိတ်ဓာတ်ဆိုတာ တိုင်းပြည်အတွက် ငါတို့လုပ်တာ အောင်မြင်သွားရင် ငါတို့အတွက် ဘာရရမယ်ဆိုတာမရှိဘူး။ တိုင်းပြည်အတွက်  ဘာရမယ်ဆိုတဲ့စိတ်ပဲရှိတယ်။ တိုင်းပြည်       ကောင်းစားဖို့ပေါ့” တဲ့။


အတွင်းဝန် ဦးအုန်းမောင်

အတွင်းဝန် ဦးအုန်းမောင်ရဲ့ဇနီးက “ဗိုလ်ချုပ်တို့က ဦးအုန်းမောင်ကို အားကိုးတယ်။ ကချင်ပြည်နယ်က  ဒူးဝါးဆင်ဝါးနောင်တို့နဲ့ ပင်လုံညီလာခံလုပ်ပြီး လက်မှတ်ထိုးရာမှာ စည်းရုံးပေးဖို့အတွက်လေ။ သူက ကချင်လူမျိုးတွေနဲ့အဆင်ပြေအောင် စည်းလုံးမှုရအောင် တာဝန်ယူပေးရတယ်။ တစ်ညမှာ အငယ်ဆုံး သားလေးက ကျန်းမာရေးမကောင်းဘူး။ စိုးရိမ်ရတဲ့အခြေအနေပါ။ ဦးအုန်းမောင်က ကလေးချီပြီး လမ်းလျှောက်နေတုန်း  ဗိုလ်လက်ျာနဲ့ဗိုလ်လှထွန်းတို့က အိမ်လာခေါ် တယ်။  ဗိုလ်ချုပ်က ကချင်ပြည်လွှတ်မလို့ တဲ့။ ကလေးနေမကောင်းလို့ သူကမသွားချင်ပေမယ့် တိုင်းပြည်အရေးကိစ္စအတွက် ည ၂ နာရီလောက်မှာ  ကချင်ပြည်ကိုထွက်သွားရတယ်။ တိုင်းပြည်အရေးကို အဲလိုအလေးထားတာပါ”တဲ့။


ရဲဘော်ကိုထွေး

ရဲဘော်ကိုထွေးမိသားစုက မန္တလေးမှာနေကြပြီး မန္တလေးက ဦးရာဇတ်အိမ်နဲ့ ဘေးချင်းကပ်ပါတဲ့။ ဦးရာဇတ်က ကိုထွေးကို အလွန်ချစ်တာကြောင့် သူဝန်ကြီးဖြစ်တော့ သက်တော်စောင့်အနေနဲ့ ကိုထွေးကို ခေါ်ခဲ့ပါတယ်။ ကိုထွေးက ဦးရာဇတ်တာဝန်နဲ့သွားရာကို အမြဲလိုက်ပါသွားရတယ်။ သူလုပ်ကြံမခံရခင် ဇူလိုင် ၁၈ ရက်က သူဆုရခဲ့တဲ့ဘူးလေးဟာ အိမ်နံရံမှာချိတ်ထားရာကနေ သူ့အလိုလိုပြုတ်ကျ နိမိတ်ပြခဲ့ပါတယ်။  ကိုထွေးက ဒဏ်ရာတွေနဲ့ ဆေးရုံရောက်ပြီးမှ ဆုံးတယ်တဲ့။


ဗိုလ်ချုပ်ရဲ့နောက်ဆုံးမိန့်ခွန်း

“လွတ်လပ်ရေးဆိုတာ စည်းမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ ရှိမှသာ လွတ်လပ်ရေးဆိုတာဖြစ်နိုင်တယ်။ လွတ်လပ်ရေးရတဲ့အခါ အခွင့်အရေးပိုရလာသလို တာဝန်တွေလည်းပိုလာမယ်။ လွတ်လပ်ရေးရတဲ့အခါ မြန်မာပြည်ကိုကာကွယ်ရန်တာဝန်ဟာ မြန်မာ တွေရဲ့ အဓိကတာဝန်ဖြစ်တယ်” လို့ ဗိုလ်ချုပ်အောင်ဆန်းက မှာကြားခဲ့ပါတယ်။ ဒီမိန့်ခွန်းကို အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမကျဆုံးမီ ၁၉၄၇ ဇူလိုင် ၁၃ ရက်က ပြည်သူလူထုအတွက် နောက်ဆုံး ပြောကြားခဲ့တဲ့ အမှာစကားဖြစ်ပါတော့တယ်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အများအကျိုးအတွက် ဆောင်ရွက်ခဲ့ကြပါသော အာဇာနည်ဟု သတ်မှတ်ခံထိုက်သည့် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရသောနေ့ကို “အာဇာနည်နေ့” အဖြစ် သတ်မှတ်ခြင်းဖြစ်ပါတယ်။ အာဇာနည်ဆိုသည်မှာ အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာသိမြင် သောသူ၊ သာမန်ထက်လက်ရုံးရည်၊ နှလုံးရည်ထူးကဲသာလွန်ပြီး အများအကျိုးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူဟု အဓိပ္ပါယ်ရပါတယ်။

အာဇာနည်နေ့ဆိုတာ နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း အားလပ်ရက်တစ်ရက်ရခြင်း၊ အလေးပြုခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသောအချိန်ကို ဥသြဆွဲခြင်း၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်နဲ့ တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို အမှတ်တရတမ်းတခြင်း ဆိုတာမျိုးထက်၊  အာဇာနည်နေ့က ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။  အောက်ပါအတိုင်း လေးလေးနက်နက် တွေးသင့်ပါတယ်။

- ပြည်သူတွေဘက်က ဗိုလ်ချုပ်တို့အသက်စွန့်ကြိုးပမ်းရယူပေးခဲ့တဲ့ လွတ်လပ်ရေး၏ တန်ဖိုးရှိပုံနဲ့ ဒီမိုကရေစီ၏ အနက်အဓိပ္ပါယ်ကို ကောင်းစွာနားလည်သဘောပေါက်ဖို့၊

- စည်းကမ်းရှိဖို့၊

- တာဝန်သိဖို့၊ 

- နိုင်ငံရေးနယ်ပယ်က လူတွေအချင်းချင်းလည်း ကိုယ့်နိုင်ငံရဲ့အရေးအရာတွေကို စေတနာမှန်ဖြင့် ဆောင်ရွက်ကာ အချင်းချင်းတိုက်ခိုက် ခြေထိုးနှောင့်ယှက်တာမျိုးကို ရှောင်ကြဉ်ဖို့၊ စသည်ဖြင့် အထက်ပါ အတိုင်း လေးလေးနက်နက်ခံယူသင့်ပါတယ်။

အချင်းချင်းမကောင်းကြံခြင်းကြောင့် တိုင်းပြည်ကိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်သော တန်ဖိုးရှိလှသည့်  ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးတွေကို ဆုံးရှုံးခဲ့ရပြီး အာဇာနည်နေ့ဟူသော ဝမ်းနည်းနာကျင်ဖွယ်ရာ နေ့တစ်နေ့   ပေါ်ပေါက်လာခဲ့ရသော သမိုင်းဝင်အဖြစ်ဆိုးကြီးကို သင်ခန်းစာယူနိုင် ကြပါစေကြောင်း မျှော်လင့်မိပါတယ်။

“ခြင်္သေ့မင်းများဟာ တောကောင်ကိုလိုက်တဲ့နေရာမှာ ကြီးတာ ငယ်တာ ပဓာနမထားဘဲနဲ့ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့နေရာမှာ အဲဒီအတိုင်းပဲ လုံ့လစိုက်သွားတယ်။ အဲဒီလိုထုံးစံအတိုင်းပဲ  ကျွန်တော်တို့က ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင်အောင် ကြိုးစားမှု၊ အားထုတ်မှုကို လျှော့လို့မဖြစ်နိုင်ဘူး။ လုံ့လဝီရိယကို လျှော့လို့မဖြစ်နိုင်ဘူး။ ဆတက်ထမ်းပိုးသာ ကျွန်တော်တို့လုပ်ဖို့လိုတယ်”

၁၉၄ရ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်ဟောကြားခဲ့သော မိန့်ခွန်းလေးကို အောက်မေ့သတိရနေမိရင်း ဤဆောင်းပါးလေးကို  နိဂုံးချုပ်လိုက် ပါသည်ရှင့်။ ။                                                                                                       


 ပေါက်ပေါက်







အခြားဆက်စပ်သတင်းများ