ဇူလိုင် ၁၁
အက်ဖ်အေရဲ့ ၂၀၂၀−၂၀၂၁ ဘောလုံးရာသီမှာ ပထမဆုံးပြိုင်ပွဲကတော့ ကွန်မြူနတီဒိုင်းပြိုင်ပွဲပဲ ဖြစ်ပါတယ်။ အက်ဖ်အေက ဒီပွဲကိုသြဂုတ် ၃၀ ရက်မှာ ကစားစေချင်နေတယ်လို့ သိရပါတယ်။ အစဉ်အလာအရတော့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေဖလားချန်ပီယံတို့ ထိပ်တိုက်ယှည်ပြိုင်ရတဲ့ပွဲပဲဖြစ်ပါတယ်။ ကွန်မြူနတီဖလားဟာ ထိပ်သီးဆုဖလားသတ်မှတ်ချက်ထဲမှာမပါဝင်ပါဘူး။ ယခုဆိုရင် ပြိုင်ဘက်နှစ်သင်းအနက် လက်ရှိပရီးမီးယားလိဂ် ချန်ပီယံလီဗာပူးလ်အသင်းက တိကျသေချာစွာ ထွက်ပေါ်လာခဲ့ပါပြီ။ လီဗာပူးလ် အသင်းဟာကွန်မြူနတီဒိုင်းကို ၁၅ ကြိမ်အနိုင်ရထားတာကြောင့် သမိုင်းတစ်လျှောက် ဒုတိယအအောင်မြင်ဆုံး ဖြစ်ပါတယ်။
ပြိုင်ဘက်ဒုတိယအသင်းက အက်ဖ်အေဖလားချန်ပီယံအသင်းလို့ ယခင်အစဉ်အလာအရသတ်မှတ် ထားပါတယ်။ ဒါပေမဲ့ ယခုရာသီမှာတော့ အက်ဖ်အေဆီမီးဖိုင်နယ်ပွဲနဲ့ ဖိုင်နယ်ပွဲတွေကစားကြရဦးမှာပါ။ အက်ဖ်အေဗိုလ်လုပွဲကိုသြဂုတ်လ ၁ ရက် ဝင်ဘာလေကွင်းမှာကစားဖို့ စီစဉ်ထားပါတယ်။ အနိုင်ရတဲ့ အသင်းကသာ ကွန်မြူနတီဒိုင်းပွဲကစားရမှာဖြစ်ပါတယ်။ ဒီကွန်မြူနတီဒိုင်းမှာလီဗာပူးလ်ရဲ့ ပြိုင်ဘက်က ဥရောပပွဲတွေကြောင့် အပြောင်းအလဲရှိလာနိုင်ကြောင်း The Times ကဖော်ပြလာတာကိုတွေ့ရပါတယ်။
ဥရောပပွဲတွေဟာ အမှတ်ပေးပွဲတွေထက် တစ်လဝန်းကျင်နောက်ကျပြီး သြဂုတ်လကုန်လောက်မှ အပြီးသတ်မှာပါ။ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ရောက်နေတဲ့ အသင်း ၄ သင်းထဲက ၃ သင်းက ဥရောပပွဲတွေကစားရဖို့ရှိနေတာပဲဖြစ်ပါတယ်။ အက်ဖ်အေချန်ပီယံအသင်းဟာ ဥရောပမှာလဲ ဗိုလ်လုပွဲရောက်သွားမယ်ဆိုရင် သြဂုတ်လထဲယှဉ်ပြိုင်ရမဲ့ ကွန်မြူနတီဒိုင်းကိုပါ ဝင်နိုင်မှာမဟုတ်ပါ။ ဒါကြောင့် အက်ဖ်အေကချန်ပီယံရှစ် ချန်ပီယံ ကို ကွန်မြူနတီဒိုင်းကစားဖို့ ဖိတ်ခေါ်ရမှာဖြစ်ပါတယ်။ The Times က ဖော်ပြသလို ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်မဲ့အသင်းကဘယ်အသင်းလဲဆိုတာမသေချာ၊ မရေရာသေးပါကြောင်းသိလိုက်ရပါတယ် ။
(So)