ဇူလိုင် ၁၀
ဇူလိုင်လ ၁၁ ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ထားသော ကမ္ဘာ့လူဦးရေနေ့ ဖြစ်ပေသည်။ ယနေ့ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၆၀၀၀ ကျော်ရှိလာပြီး ခရစ်နှစ် ၂၀၂၅ တွင် သန်းပေါင်း ၇၀၀၀ နှင့် ၂၀၅၀ တွင် သန်းပေါင်း ၉၃၀၀ ဖြစ်လာမည်ဟု ခန့်မှန်းထားပေသည်။ လူဦးရေတိုးတက်မှုနှုန်းထားကို ကြည့်လျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူဦးရေတိုးတက်မှုနှုန်းထားမှာ အမြန်ဆုံးဖြစ်သည်ကို တွေ့ရသဖြင့် ထိုဖွံ့ဖြိုးဆဲနိုင်ငံများ မှာ စီးပွားရေးနှင့်လူမှုရေးပြဿနာများ ပိုမိုကြုံတွေ့လာလျက်ရှိကြောင်း တွေ့ရပေသည်။ သို့ဖြစ်ရာ ဆင်းရဲနွမ်းပါးမှု၊ လူဦးရေတိုးတက်မှုနှင့် နိုင်ငံများ၏ စီးပွားရေးအင်အားတို့သည် ဆက်နွှယ်နေသော ကွန်ရက် များ ဖြစ်ပေသည်။ ထို့ကြောင့် ၂၀၀၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ဖြစ်သော ''၂၁ ရာစုတို့အားပြု၊ လူငယ်ပျိုရွယ်ကျန်းမာမှု''ဟူသော ကမ္ဘာ့ပြည်သူတစ်ရပ်လုံး သတိပြုသင့်သော နှိုးဆော်ချက်တစ်ရပ်ပင် ဖြစ်ပါသည်။
ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ကျော်ကျော်သည် အာရှတိုက်တွင် နေထိုင်ကြသည်။ သမိုင်း၏ ဆိုးမွေများ ကြောင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်ခဲ့ရသော ကမ္ဘာ့နိုင်ငံများမှာ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများဖြစ်သည်။ ထိုနိုင်ငံများတွင် လူဦးရေမထိန်းချုပ်နိုင်မှုကြောင့် စားနပ်ရိက္ခာပြဿနာ၊ နိုင်ငံရေး မတည်ငြိမ်မှု၊ မူးယစ်ဆေးဝါးနှင့် ကူးစက်ရောဂါအန္တရာယ် စသည်တို့ ဖြစ်ပေါ်လျက်ရှိသည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုနည်းပါးသောကြောင့် ကျန်းမာရေးပြဿနာကလည်း ကြီးမားလျက် ရှိသည်ကို တွေ့ရသည်။
ထို့ကြောင့် လူဦးရေပေါက်ကွဲမှုပြဿနာကို ထိန်းချုပ်နိုင်ရန် ကုလသမဂ္ဂဦးဆောင်ပြီး ၁၉၇၄ ခုနှစ်တွင် ပထမအကြိမ် လူဦးရေညီလာခံကို ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ ဖွဲ့စည်းပြီး ကမ္ဘာ့လူဦးရေ သန်း ၅၀၀၀ ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့ကျင်းပပြီး ကမ္ဘာအနှံ့ နိုင်ငံတကာတွင် လူဦးရေပြဿနာများ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။
ဆင်းရဲနွမ်းပါးမှုဆိုသည်မှာ ယေဘုယျအားဖြင့် လူတစ်ဦးချင်း သို့မဟုတ် အိမ်ထောင်စုတစ်စုချင်းစီ၏ ချို့တဲ့မှုအတိုင်းအတာကို ဖော်ပြသည်ဟု ယူဆနိုင်သော်လည်း အမှန်တကယ်အားဖြင့် ထို့ထက်ပိုမို ကျယ်ပြန့်သော ချို့တဲ့မှုမျိုးကို ဆိုလိုပါသည်။ ဆင်းရဲနွမ်းပါးခြင်းသည် ငွေကြေးတစ်ခုတည်းသာ မဟုတ်ဘဲ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝလုံခြုံရေးနှင့် စားဝတ်နေရေး မပြည့်စုံမှုတို့လည်း ပါဝင်ပေသည်။
ယနေ့ ကမ္ဘာပေါ်ရှိ လူဦးရေသန်းပေါင်းတစ်ထောင်ကျော်သည် ဆင်းရဲနွမ်းပါးမှုဒဏ်ကို အလွန်အမင်း ခံစားနေကြရပေသည်။ ၁၉၉၀ ပြည့်နှစ် ပတ်ဝန်းကျင်မှစပြီး ကမ္ဘာပေါ်တွင် အလွန်ဆင်းရဲသူ အချိုးအစား အားဖြင့် အနည်းငယ်ကျဆင်းသွားသော်လည်း အရေအတွက်အနေဖြင့် တိုးတက်လျက်ရှိသည်ဟု သိရပါသည်။ ချို့တဲ့နွမ်းပါးသူအများစုသည် ကျေးလက်ဒေသများတွင်နေကြသော်လည်း မြို့နေလူတန်းစားများလည်း ဆင်းရဲမှုများ ပိုမိုတိုးပွားလာလျက်ရှိသည်ဟု ဆိုပါသည်။ လူဦးရေသန်းပေါင်း ၈၀၀ ကျော်သည် ငတ်မွတ် ခေါင်းပါးမှုဒဏ်ခံနေရပြီး ကလေးသန်းပေါင်း ၂၀၀ ကျော်သည်လည်း ကျောင်းနေခွင့်မရကြပေ။ ကြီးမား ကျယ်ပြန့်လာသည့် ခုခံအားကျဆင်းမှုကူးစက်ရောဂါသည်လည်း ကမ္ဘာကြီးတစ်ခုလုံး၏ ကျန်းမာရေးနှင့် လူနေမှုစနစ်ကြီးကို ခြိမ်းခြောက်လျက်ရှိနေပါသည်။
ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမက အခြားကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာလုပ်ငန်းများကိုပါ ဖွံ့ဖြိုး တိုးတက်မှုရှိစေရန် ရည်မှန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နယ်မြေအကျယ်အဝန်းသည် စတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော်ရှိပြီး လူဦးရေအားဖြင့် သန်း ၆၀ သာရှိသည့်အတွက် မြန်မာနိုင်ငံ၏ လူဦးရေနှင့်နယ်မြေကျယ်ပြန့်မှုမှာ အချိုးအစား မျှတလျက်ရှိနေပါသည်။ လူဦးရေ သိပ်သည်းမှုကိုကြည့်လျှင်လည်း ပျမ်းမျှ တစ်စတုရန်းမိုင်တွင် ၁၉၇ ယောက် သာရှိသည့်အတွက် မြန်မာနိုင်ငံသည် လူဦးရေကျပ်တည်းမှုကို ရင်ဆိုင်နေရသော နိုင်ငံမဟုတ်ကြောင်း တွေ့ရ ပါသည်။
ထို့အပြင် လယ်ယာမြေအပါအဝင် သဘာဝနှင့် လူသားအရင်းအမြစ်ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပေသည်။ နိုင်ငံတွင် စိုက်ပျိုးနိုင်သည့် လယ်မြေဧက ၄၅ သန်းရှိရာ ယခုအခါ ၂၆ သန်းသာ စိုက်ပျိုးရသေး သည့်အတွက် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်တိုးတက်ရေးမှာ အလားအလာကောင်းများစွာရှိနေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှုရှိရုံသာမက ဒေသတွင်းနှင့် နိုင်ငံတကာစားနပ်ရိက္ခာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်နိုင်ငံတကာရန်ပုံငွေအဖွဲ့မှ ထုတ်ပြန်သော စားနပ်ရိက္ခာဖူလုံမှုညွှန်းကိန်း ဇယားတွင် အာရှ ၂၄ နိုင်ငံအနက် အဆင့် ၆ ၌ ရှိနေပါသည်။ ဆင်းရဲမှုညွှန်ပြကိန်းမှာလည်း အဆင့် ၉ တွင်ရှိနေ ပြီး သက်ကြီးစာတတ်မြောက်မှုနှုန်း ညွှန်ပြကိန်းတွင် အဆင့် ၁၂ ၌ ရှိနေပါသည်။ ထိုကိန်းများကို ပျမ်းမျှ တွက်ယူသော သက်သာချောင်ချိမှုညွှန်ပြကိန်းအရ မြန်မာနိုင်ငံသည် အဆင့် ၇ တွင်ရှိနေသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် သင့်တင့်လျောက်ပတ်သော အနေအထားတွင်ရှိပါသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တက်ညီလက်ညီဖြင့် မြို့ပြနှင့် ကျေးလက်ဒေသကွာဟ မှုများကို အတတ်နိုင်ဆုံး နည်းပါးအောင်အလေးထားဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်ခုလည်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးများ နေထိုင်သည့် ဝေးလံခေါင်ပါးနယ်စပ်ဒေသများ၏ တိုးတက် ဖွံ့ဖြိုးရေးကို ဦးစားပေးခဲ့ပါသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုအဆင့်အတန်းသည် လွန်ခဲ့သော ရာစုနှစ်နှင့်မတူ ထူးထူးခြားခြား တိုးတက်လျက်ရှိနေပေသည်။
ကုလသမဂ္ဂ၏ လူသားဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းများအရ မြန်မာနိုင်ငံ၏ လူသားဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်း (HDI Value) သည် ဝ ဒသမ ၅ အထက်ရှိနေသဖြင့် အလယ်အလတ်တန်းစားဖြစ်ပါသည်။ လူသား ဖွံ့ဖြိုးတိုးတက်မှုအဆင့် (HDI Rank) မှာလည်း ၁၃၂ ဖြစ်၍ သင့်တော်သောအနေအထားပင်ဖြစ်ပါသည်။