နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပသို့ဆန်တင်ပို့မှု ဇူလိုင်လမှ စတင်ကာ ကန်​့သတ်​ချက်​များ​ဖြေ​လျှော့ပေး

ရန်ကုန်   ဇူလိုင်   ၉


COVID-19 ကာကွယ်ထိန်းချုပ်ကာလအတွင်း အရန်ဆန်ဝယ်ယူနေမှုကြောင့် ပြည်ပဆန်တင်ပို့မှုကို ကန့်သတ်ထားရာမှ ယခုနှစ်ဇူလိုင်လမှစတင်​ကာ ပြည်ပသို့ဆန်တင်ပို့မှုကန့်သတ်ချက်များကို ဖြေလျှော့ ပေးလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရသည်​။


" ကျွန်တော်တို့ ဒီကာလမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပြည်ပဆန်တင်ပို့မှုနဲ့  အရန်ဆန်ဝယ်ယူခြင်းကိစ္စရပ်များအပေါ် ဖြေလျှော့ပေးဖို့ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့အတွက် ပြည်ပဆန်တင်ပို့တဲ့ ကုမ္ပဏီတွေအနေနဲ့အရင်က ဆန်တန်ချိန် ၁၀၀ ကို ၁၀ရာခိုင်နှုန်း အရန်ဆန်အတွက် ရောင်းချပေးရာကနေ ဇူလိုင် ၁ ရက်ကစပြီး ၅ ရာခိုင်နှုန်းသာ ရောင်းချပေးရတော့မှာဖြစ်ပါတယ်။ ဒီလိုဖြေလျှော့ပေးရတာကလည်း မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှုလျာထားချက်ကိုပြည့်မီအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က​ ပြောသည်။


၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ပြည်ပဆန်တင်ပို့မှု ဆန်တန်ချိန်  ၂ ဒသမ ၄  သန်း တင်ပို့သွားရန်လျာထားကြောင်း၊ လက်ရှိဇွန်လကုန်အထိဆန်တန်ချိန် ၂ သန်းတင်ပို့ထားပြီးဖြစ်ကြောင်း၊ သို့အတွက် လျာထားချက်ပြည့်မီရေး ဇူလိုင်လနှင့်သြဂုတ်လအတွင်းတစ်လလျှင် ဆန်တန်ချိန်တစ်သိန်းခွဲစီ တင်ပို့ပြီး စက်တင်ဘာလတွင်တန်ချိန်တစ်သိန်း တင်ပို့သွားမည်ဖြစ်ကြောင်း၊ စုစုပေါင်းတန်ချိန် ၂ ဒသမ ၄ သန်းပြည့်မီအောင် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါဖြေလျှော့ပေးမှုတွင် ဇူလိုင် ၁ ရက်မှစ၍ကုမ္ပဏီများ၏ ပြည်ပဆန်တင်ပို့မှုအပေါ် ပမာဏ ကန့်သတ်ထားခြင်းစနစ်အား ပယ်ဖျက်ပြီး ကန်ထရိုက်စနစ်အရ လိုင်စင်လျှောက်ထားခြင်းကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ ပြည်ပဆန်တင်ပို့လိုင်စင်သက်တမ်းကိုလည်း ယခင် ၄၅  ရက်အစား ရက်  ၆၀ အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်ပဆန်တင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံတော်ရိက္ခာ အရန်ဆန်သိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ အစည်းအဝေးတစ်ရပ် ကျင်းပ ပြီးနောက် အထက်ပါအတိုင်း ဖြေလျော့မှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်​ကြောင်​း သိရသည်။                          


မင်းခ






အခြားဆက်စပ်သတင်းများ