ဇူလိုင် ၉၊ လန်ဒန်
အခက်တွေ့နေသည့် တည်ခင်းဧည့်ခံရေးကဏ္ဍ တစ်ကျော့ပြန်ဦးမော့လာစေရေးအတွက် ဗြိတိန်အစိုးရ၏ အစီအစဉ်အရ လာမည့်သြဂုတ်လအတွင်း စားသောက်ဆိုင်များတွင် သွားစားသူများအနေဖြင့် ၅၀ ရာခိုင်နှုန်း လျှော့ဈေးရရှိမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ဗြိတိန်နိုင်ငံ၏စီးပွားရေး ပြန်လည်စီးဆင်းစေမည့် စည်းမျဉ်းတစ်စိတ်တစ်ပိုင်းအဖြစ် ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဆူနက်က '' ဆိုင် မှာ စားသုံး၊ ကူညီဦး''ဆိုသည့် လျှော့ဈေးအစီအစဉ်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်အရ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အတွင်း ဆိုင်တွင် သွားစားသူများကို ၅၀ ရာခိုင်နှုန်း လျှော့ဈေးပေးမည်ဖြစ်ပြီး လူတစ်ဦးကို အများဆုံးအနေဖြင့် ၁၀ ပေါင်နှုန်းအထိ လျှော့ပေးမည်ဖြစ်သည်။ သို့သော် အစားအစာများနှင့် ယမကာမဟုတ်သည့် သောက်စရာများသာ အဆိုပါအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်သည်။
ထို့အပြင် တည်ခင်းဧည့်ခံရေးနှင့် ခရီးသွားလုပ်ငန်းအပေါ် ချမှတ်ထားသည့် တန်ဖိုးဖြည့်ခွန်(VAT)ကို ၂၀ ရာခိုင်နှုန်းကောက်ခံနေရာမှ ၅ ရာခိုင်နှုန်း လျှော့ပေးသွားမည်ဟု ဆူနက်က ပြောသည်။ ဗြိတိန်နိုင်ငံမှာ COVID-19 ကြောင့် တစ်သက်တွင် တစ်ခါသာကြုံရသည့် အခိုက်အတန့်မျိုး ကြုံနေရပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိရန် လိုအပ်သည်ဟု ဆူနက်က ပြောသည်။ ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၃ လကျော် ပိတ်ထားရသည့် ဘားဆိုင်များနှင့် စားသောက်ဆိုင်များကို ဘေးအန္တရာယ်ကင်းရှင်းရေးစည်းမျဉ်းများနှင့်အတူ ပြီးခဲ့သည့်စနေနေ့က ပြန်ဖွင့်ခဲ့သည်။
Ref:BBC(KNT)