ဇူလိုင် ၈၊ ဝါရှင်တန်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)မှ အမေရိကန်နိုင်ငံ နုတ်ထွက်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရားဝင်လှုပ်ရှားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြုံရချိန်တွင် WHO က တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက် ရောက်နေသည်ဟု ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီး WHO မှ နုတ်ထွက်မည်ဟု ပြီးခဲ့သည့်မေလနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများက တားနေသော်လည်း အမေရိကန်နိုင်ငံကို WHO မှ နုတ်ထွက်ပြီး WHO ဆီပေးမည့် ရန်ပုံငွေများကို အခြားနေရာများတွင် အသုံးပြုသွားမည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။ ဒေါ်နယ်ထရမ့်က ယင်း၏ဆန္ဒကို ကုလသမဂ္ဂနှင့်လွှတ်တော်ထံ တရားဝင် အသိပေးထားသည်။ သို့သော် WHO ကနေ နုတ်ထွက်ရေးလုပ်ငန်းစဉ်မှာ အနည်းဆုံးတစ်နှစ်နီးပါး ကြာမြင့်နိုင်သည်။
အမေရိကန်နိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် WHO မှ နုတ်ထွက်နိုင်ရန် အကြောင်းကြား ထားသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က အတည်ပြုခဲ့သည်။ WHO မှ နုတ်ထွက်ပါက အမေရိကန်နိုင်ငံသားများ၏ ကျန်းမာရေးထိခိုက်စေနိုင်ပြီး အမေရိကကို အထီးကျန်ဖြစ်စေလိမ့်မည်ဟု အထက်လွှတ်တော် ပြည်ပဆက်ဆံရေးကော်မတီ၏ ဒီမိုကရက်တစ်ပါတီဝင် အမတ် မီနန်ဒက်ဇ်က ပြောသည်။ အမေရိကန်နိုင်ငံမှာ WHO အတွက် ရန်ပုံငွေအများဆုံး ထည့်ဝင်ပေးနေသည့်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ထည့်ဝင်ပေးခဲ့သည်။ အဆိုပါပမာဏမှာ စုစုပေါင်းဘတ်ဂျက်ငွေ၏ ၁၅ ရာခိုင်နှုန်း ရှိသည်။
Ref:BBC(KNT)