ဇူလိုင် ၈၊ ဂျီနီဗာ
ကိုရိုနာဗိုင်းရပ်စ်မှာ လေထဲတွင် ဝေ့ဝဲနေသည့် သေးငယ်သောအမှုန်များမှတစ်ဆင့် ကူးစက်နိုင်သည့် အထောက်အထားများ တွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ လူထူထပ် သည့်နေရာ၊ အလုံပိတ်ထားသည့်နေရာနှင့် လေဝင်၊ လေထွက်မကောင်းသည့်နေရာများတွင် လေထဲရှိ အမှုန်များမှတစ်ဆင့် ကူးစက်ခြင်းကို မငြင်းနိုင်ကြောင်း WHO ၏ အရာရှိတစ်ဦးက ပြောသည်။ ယခုတွေ့ရသည့် သက်သေအထောက်အထားကို အတည်ပြုနိုင်ပါက အဆောက်အအုံအတွင်းပိုင်းဆိုင်ရာ လမ်းညွှန်ချက်များ ပြောင်းလဲရဖွယ်ရှိသည်။ သိပ္ပံပညာရှင် ၂၀၀ ကျော်၏ အိတ်ဖွင့်ပေးစာတွင် WHO အနေဖြင့် လေထဲရှိ အမှုန်များမှတစ်ဆင့် ကူးစက်နိုင်ခြေကို လျှော့တွက်ခဲ့သည်ဟု စွပ်စွဲထားသည်။ လက်ရှိအချိန်အထိ လူများ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းမှထွက်လာသည့် အမှုန်အမွှားများမှတစ်ဆင့်သာ ဗိုင်းရပ်စ်ကူးစက်နိုင်သည်ဟု WHO က ဆိုသည်။
'' ဒီသက်သေအထောက်အထားနဲ့ပတ်သက်ပြီး သူတို့ကို ဝန်ခံစေချင်တာပါ။ ဒါက WHO ကို တိုက်ခိုက်တာမဟုတ်ပါဘူး။ ဒါက သိပ္ပံပညာဆိုင်ရာ ဆွေးနွေးမှုပါ။ ဒါပေမဲ့ သူတို့နဲ့ တော်တော်များများ ဆွေးနွေးပြီးတာတောင် သူတို့က သက်သေအထောက်အထားကို နားစွင့်ပေးဖို့ ငြင်းဆန်နေလို့ ဒီကိစ္စကို လူထုသိရအောင်လုပ်ဖို့ လိုတယ်လို့ ခံစားရပါတယ်''ဟု ကော်လိုရာဒိုတက္ကသိုလ်၏ ဓာတုဗေဒပညာရှင် ဟိုဆေးဂျင်မီနက်ဇ်က ပြောသည်။
Ref:BBC(KNT)