နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ပပုဂ္ဂိုလ်များကိုလည်း ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အသုံးပြုခွင့်ပေး

ရန်ကုန်   ဇူလိုင်    ၈


ရန်ကုန်တက္ကသိုလ်တွင်  တက်ရောက်နေသူများမဟုတ်ဘဲ  ပြင်ပမှပုဂ္ဂိုလ်များနှင့်  အခြားတက္ကသိုလ်များ  တွင် တက်ရောက်နေသူများမှလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် သို့ လာရောက်အသုံးပြုရန်ခွင့်ပြုခဲ့ကြောင်း သိရသည်။

“ပြင်ပသူတွေအနေနဲ့က မှတ်ပုံတင်ယူလာရမယ်၊ သက်ဆိုင်တဲ့ကျောင်းပဲဖြစ်ဖြစ် ဌာနကပဲဖြစ်ဖြစ် လူကြီးတစ်ယောက်ယောက်ရဲ့ ထောက်ခံစာယူလာရမယ်၊ ပြီးတော့ ဒီမှာ Member ဝင်ပြီးတော့မှ စာအုပ်ငှားရမ်းခွင့်ပြုပါတယ်”ဟု အဆိုပါစာကြည့်တိုက်မှ စာကြည့်တိုက်မှူးဖြစ်သူ ဒေါ်သင်းသင်းစိုးက ရှင်းပြသည်။ 


ထိုစာကြည့်တိုက်ကို အစပိုင်းတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီခွဲအထိ ဖွင့်လှစ်ပေးခဲ့ရာမှ  မေလတွင် နံနက်  ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိလည်းကောင်း၊ ယခု ဇူလိုင်လမှစတင်ကာ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပေးပြီး လတ်တလောတွင် စနေ၊ တနင်္ဂနွေ မဖွင့်ပေးဘဲ Member တစ်ယောက်လျှင် Thesis စာအုပ်နှစ်အုပ်နှုန်းအပြင်သို့ယူကာ မိတ္တူကူးခွင့်ပေးခဲ့ကြောင်း၊ ထိုသို့ အပြင် ထုတ်လိုက်သောစာအုပ်တွင် ရောဂါပိုးများကပ်မပါစေရန် စာအုပ်ကိုလည်း ထိခိုက်မှုမရှိစေသော ပိုးသတ်မှု အစီအစဉ်ဖြင့် သုံးရက်ခန့် ပုံးလေးများဖြင့် သီးခြားထားပြီးမှ ပြန်လည်အသုံးပြုခြင်းဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 


“အခုတော့ Thesis လုပ်တဲ့ကလေးတွေလာဖတ်ကြတယ်၊ e Library ခန်းတော့ ကွန်ပျူတာ သုံးခွင့်မပြုဘူး၊ ကိုယ့် Laptop တွေ၊ ဖုန်းနဲ့ Down လုပ်သွားလို့ရတယ်၊ ဒီကစက်ပစ္စည်းနဲ့ဆိုင်တဲ့ဟာတွေကို သုံးခွင့်မပြုသေးဘူး၊ Thesis လုပ်တဲ့ နယ်က ကလေးတစ်ယောက်ဆိုရင် ဆရာမရေ ဒီစာအုပ်ရှိလားဆိုတာမျိုး အကြောင်းကြားတယ်၊ ကျွန်မတို့ဆီမှာရှိတဲ့ဟာဆိုရင်လည်း PDF ရှိရင်လည်းဖိုင်ကို ပေးလိုက်တယ်၊ လက်ရှိမှာ တော့ ဒီကိုလာတဲ့သူတွေတော့ရှိတယ်၊ နည်းနေသေးတာပေါ့”ဟု ယင်းက ဆက်လက်ရှင်းပြသည်။ 

ထို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် ကောင်တာနှစ်ခုထားရှိပြီး အောက်ထပ်တွင် ပညာရပ် ဆိုင်ရာစာအုပ်များကို ငှားရမ်းကာ နောက်ထပ်ကောင်တာတစ်ခုတွင် ရည်ညွှန်းစာအုပ်များ၊ Thesis စာအုပ်များကို ငှားရမ်းလုပ်ဆောင်လေ့ရှိကြောင်း၊ မြန်မာဘာသာဖြင့်ရေးသားထားသော စာအုပ်ပေါင်း ၄၀ဝ၀ဝ ကျော်၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ် ၇၀ဝ၀ဝ ကျော်၊ Thesis စာအုပ်ပေါင်း ၁၉၀ဝ၀ ကျော်ရှိကြောင်း၊ လက်ရှိကာလတွင် ပညာရပ်စာအုပ်များကို နေ့စဉ်ပျမ်းမျှ လာရောက်ဖတ်ရှုအသုံးပြုသူ ၁၀ ဦးဝန်းကျင်ခန့်သာရှိနေကြောင်း သိရသည်။                                                                               


(HK)






အခြားဆက်စပ်သတင်းများ