ဇူလိုင် ၇၊ ဘိုဂိုတာ
ကိုလံဘီယာနိုင်ငံတွင် လောင်စာဆီကားတစ်စီး တိမ်းမှောက်၊ ပေါက်ကွဲခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့သည်။ ဇူလိုင်လ ၆ ရက်က ကိုလံဘီယာနိုင်ငံမြောက်ပိုင်း၊ ကာရေဘီယံကမ်းရိုးတန်းရှိ ပူဘလိုဗိုင်အီလိုမြို့အနီးမှ လမ်းပေါ်တွင် မတော်တဆမှုဖြစ်ပွားခဲ့သည်။ လောင်စာဆီကား တိမ်းမှောက် ပြီးနောက် လောင်စာဆီခပ်ရန် လူများ စုရုံးရောက်ရှိလာစဉ် ကားမီးလောင်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်ရပ်တွင် ဒဏ်ရာရသူ ၄၀ ကျော်ရှိခဲ့ပြီး အချို့သူများမှာ လောင်ကျွမ်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်။ ထို့ကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။ လောင်စာဆီကားနားသို့သွားပါက အန္တရာယ်ရှိသည်ဟု ရဲတပ်ဖွဲ့က သတိပေးခဲ့သော်လည်း အချို့သူများက သတိပေးချက်ကို လျစ်လျူရှုခဲ့ကြသည်ဟု ဒေသခံအရာရှိများက ပြောသည်။
Ref:BBC(KNT)