ဇူလိုင် ၇၊ ဂျီနီဗာ
သားရဲတိရစ္ဆာန်များကို ကာကွယ်ပေးရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လုပ်ဆောင်ခြင်းမရှိပါက တိရစ္ဆာန်မှတစ်ဆင့် လူများကို ကူးစက်နိုင်သည့်ရောဂါများ(Zoonotic diseases) မြင့်တက်နေဦးမည်ဟု ကုလသမဂ္ဂ၏ ကျွမ်းကျင်ပညာရှင်များက သတိပေးခဲ့သည်။ Covid-19 ကဲ့သို့ ရောဂါများ မြင့်တက်လာခြင်းမှာ တိရစ္ဆာန်များ၏အသားကို တောင်းဆိုမှုများပြားလာခြင်း၊ ရေရှည်မသင့်တော်သည့် စိုက်ပျိုးရေးနည်းလမ်းများ အသုံးပြုခြင်း၊ ရာသီဥတုပြောင်းလဲခြင်း အစရှိသည့် ကိစ္စရပ်များကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။
တိရစ္ဆာန်များမှတစ်ဆင့် လူများကို ကူးစက်စေနိုင်သည့်ရောဂါများအပေါ် ပေါ့ဆမိခြင်းကြောင့် တစ်နှစ်လျှင် လူ ၂ သန်း သေဆုံးနေရသည်။ Covid-19 ကပ်ရောဂါကြောင့် ၂ နှစ်တာကာလအတွင်း ကမ္ဘာ့စီးပွားရေးကို အမေရိကန်ဒေါ်လာ ၉ ထရီလျံ( သန်း ၉ သန်း)ကုန်ကျဖွယ်ရှိနေသည်။ အီဘိုလာ၊ West Nile နှင့် Sars ဗိုင်းရပ်စ်များအားလုံးမှာ တိရစ္ဆာန်များတွင် စတင်ဖြစ်ပွားပြီး လူများကို ကူးစက်ခဲ့သည့်ရောဂါများဖြစ်သည်။ သို့သော် အလိုအလျောက် ကူးစက်ခြင်းမဟုတ်ဘဲ ထွန်ယက်မှု၊ သားရဲတိရစ္ဆာန်များကို သတ်ဖြတ်မှု၊ သယံဇာတထုတ်ယူမှု၊ ရာသီဥတုပြောင်းလဲမှု စသည့်သဘာဝပတ်ဝန်းကျင် ယုတ်လျော့ပျက်စီးစေမှု မောင်းနှင်အားကြောင့် ကူးစက်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ၏ သဘာဝပတ်ဝန်းကျင်စီမံကိန်းနှင့် နိုင်ငံတကာ မွေးမြူရေးတိရစ္ဆာန်သုတေသနသိပ္ပံဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Ref:BBC(KNT)