နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်နှင့် နေသားကျအောင် နေတတ်ဖို့ ကြိုးစားကြပါစို့

ဇူလိုင်  ၇

ကိုဗစ်ကပ်ရောဂါသည် ဤကမ္ဘာပေါ်မှ ပျောက်ကွယ်ရန် လမ်းစမမြင်သေးကြောင်း ထို့ကြောင့် ကိုဗစ်နှင့် နေသားကျအောင် နေတတ်ရန် လိုလာပြီဟု ကျန်းမာရေးပညာရှင်အချို့က ပြောကြသည်။ သူ့ကို နှင်မထုတ်နိုင် သေးသမျှတော့ သူနှင့်နေသားကျအောင် နေရမည်မှာလည်း ကျွန်တော်တို့ လူသားများ တာဝန်ပင်ဖြစ်ပေ သည်။ ဤသည်ကို စာရေးသူက အောက်ပါခေါင်းစီးငယ်များဖြင့် ဆွေးနွေးတင်ပြအကြံပြုထားပါသည်။

ဖတ်ကြည့်ကြရအောင်ပါ။
ကမ္ဘာ၊ မြန်မာနှင့်ကပ်ရောဂါများအခြေအနေ
ကမ္ဘာ့လူသားများနှင့် ကပ်ရောဂါများသည် အစဉ်ယှဉ်တွဲလျက်ရှိနေပေသည်။ ကပ်ကြီးသုံးပါးသည် အစဉ် ကျရောက်လျက်ရှိနေပေသည်။ ၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ ပလိပ်ကပ်ရောဂါအကြီးအကျယ်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ မြင်းခြံမြို့တွင် ထိုကပ်ရောဂါ၏ အခြေအနေအား စာရေးသူ၏ ဒေါ်ကြီးပြောပြ၍ သိခဲ့ရသည်။

ရပ်ကွက်အတွင်း ပလိပ်ကပ်ရောဂါကျရောက်၍ လူအသေအပျောက်များသောအခါ ရပ်ကွက်ကိုစွန့်ပြီး သဲသောင်ပြင်တွင် ထွက်ကာ တဲထိုးပြီးနေခဲ့ရသည်။ ယနေ့အသုဘလိုက်ပို့သူနောက်ရက် ပလိပ်ရောဂါဖြစ်ကာ နောက် တစ်ရက်နှစ်ရက်တွင် သေဆုံးခဲ့သည်။ ရပ်ကွက်များအတွင်း လူပေါင်းများစွာ သေဆုံးသကဲ့သို့ ကမ္ဘာပေါ်တွင် လည်း လူသန်းပေါင်းများစွာ သေဆုံးခဲ့သည်။

တစ်ဖန် ၁၉၅၀ ပြည့်နှစ်လောက်တွင် ကျောက်ကပ်ရောဂါစာရေးသူတို့ မြင်းခြံမြို့အပါအဝင် မြန်မာနိုင်ငံတွင် ဖြစ်ပြန်သည်။ ကာကွယ်ဆေးရှိပြီးဖြစ်သော်လည်း တစ်နိုင်ငံလုံး မလွှမ်းခြုံမိသဖြင့် ကလေးသူငယ်များ ရောဂါ ခံစားရကာ အသေအပျောက်များခဲ့သည်။ စာရေးသူတို့နေသော ရပ်ကွက်ထဲမှ ကလေးပေါင်းများစွာ သေဆုံး ကုန်သည်ကို မျက်မြင်တွေ့ရသည်။ တစ်နိုင်ငံလုံးတစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ကလေးငယ်သန်းချီပြီး သေဆုံးကြရသည်။

ယခုအခါ ထိုပလိပ်နှင့် ကျောက်ရောဂါကာကွယ်ဆေးများရှိပြီဖြစ်၍ ဤကပ်ရောဂါဆိုးအား ကမ္ဘာမြေ ပေါ်မှ မောင်းထုတ်နိုင်ခဲ့သည်။
ဤကမ္ဘာပေါ်မှ မောင်းမထုတ်နိုင်သော ကပ်ရောဂါများလည်းရှိနေပါသေးသည်။ ဤသည်တို့ကား အေအိုင်ဒီအက်စ်နှင့် ဆီးချို၊ သွေးချို၊ ငှက်ဖျားရောဂါများဖြစ်ကြသည်။ ဤရောဂါများနှင့် လူတို့အနေကြာလာ သောအခါ မကြောက်ကြတော့ပါ။ အမှန်တကယ် ဆင်ခြင်နေထိုင်ခြင်းဖြင့် ရောဂါကပ်ဘေးကင်းဝေးရပေတော့ သည်။

အေအိုင်ဒီအက်ရောဂါအခြေအနေအား ၂-၆-၂၀၂၀ ရက်နေ့ အေအက်ဖ်ပီသတင်းအရ ကမ္ဘာတစ်ဝန်းတွင် ၁၉၈၁ ခုနှစ်မှစတင်ဖြစ်လာလိုက်သည်မှာ ယခုအချိန်ထိ နှစ်ပေါင်း ၄၀ ရှိနေပေပြီး ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၃၂ သန်းသေဆုံးခဲ့ပြီ။ လူပေါင်း ၂၄ ဒသမ ၅ သန်းသည် ကပ်ရောဂါတိုက်ဖျက်ရေးဆေးများသုံးစွဲနေ ကြရသည်ဟု ဖော်ပြခဲ့သည်။

ဆီးချို၊ သွေးချိုရောဂါဆိုလျှင်လည်း ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ မိသားစု ၁၀ စုတွင် ခုနစ်စု၌ ဆီးချို၊ သွေးချိုဝေဒနာရှင်ရှိနေပြီး ဆီးချို၊ သွေးချိုရောဂါဖြင့် သေဆုံးရသူများကလည်း ကမ္ဘာတစ်ဝန်း သန်းပေါင်း များစွာရှိခဲ့ပြီ။ မကာကွယ်လျှင် ရောဂါခံစားရသည်။ ရောဂါဖြစ်လျှင် မပျောက်ကင်း၊ ဆေးဝါးဖိုးမတတ်နိုင်လျှင် အသေစောရသည်။

ငှက်ဖျားရောဂါလည်း ဤကမ္ဘာတွင် ကပ်ရောဂါအဖြစ်ရှိနေဆဲ၊ ခေတ်မီလာ၍ ကာကွယ်နိုင်သဖြင့် တောတောင်များ ပျက်ပြုန်းကုန်၍ ရောဂါသည်ခေါင်းမထောင်နိုင်တော့ပေ။
နောက်ဆုံးကပ်ရောဂါမှာ စာဖတ်သူများသိရှိပြီးဖြစ်သော COVID-19 ကပ်ရောဂါ၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ မှ စတင်ဖြစ်ပွားပြီး ယနေ့ကမ္ဘာတစ်ဝန်းတွင် ၂၃-၉-၂၀၂၀ ရက်နေ့စာရင်းအရ လူ ၉ သန်းကျော် ကူးစက်ခံနေရ ပေပြီ။ သေဆုံးသူဦးရေမှာ နေ့စဉ်တိုးတက်လျက်ရှိသည်။ ၃၀-၆-၂၀၂၀ ရက်နေ့ စာရင်းအရ လူပေါင်း ငါးသိန်း ကျော် သေဆုံးပြီဖြစ်သည်။

၃၁-၇-၂၀၂၀ ရက်ဆိုလျှင် ထိုအရေအတွက်ထက်များပါမည်။
အဆိုးရွားဆုံးနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်သည်။ ၂၄-၆-၂၀၂၀ ရက်နေ့အထိ ကူးစက်ခံထားရသူ ၂ ဒသမ ၃ သန်းရှိပြီး သေဆုံးသူပေါင်း ၁၂၀၀၀၀ ကျော်ရှိနေသည်။ ဇွန်လ ၂၃ ရက် တစ်နေ့တည်းတွင်ပင် သေဆုံးသူ ဦးရေ ၈၀၀ ရှိခဲ့သည်။

ရန်ကုန်မြို့တော်အခြေအနေ (၂၀၂၀ ဇွန်လ)
မြန်မာနိုင်ငံအခြေအနေမှာ ကပ်ရောဂါခံစားရသော နိုင်ငံများတွင် သက်သာသော နိုင်ငံများစာရင်းဝင်ဖြစ်ခဲ့ သည်။ ၂၅-၆-၂၀၂၀ ရက်နေ့ ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာ ၂၉၃ ဦးရှိပြီး သေဆုံးသူ ၆ ဦးသာရှိသည်။ ၂၅-၆-၂၀၂၀ ရက်နေ့တွင် စောင့်ကြည့်လူနာ ၂၄ ဦးသာရှိပါသည်။ သေဆုံးသူ ၆ ဦးမှာ သက်ကြီးရွယ်အို၊ နှလုံးနှင့်ဆီးချိုဝေဒနာအခံရှိသူများသာဖြစ်ပေသည်။ ဤသို့ ကပ်ရောဂါအား ထိန်းချုပ်ထားနိုင်ခြင်းမှာ နိုင်ငံတော်အစိုးရ နှင့် ပြည်သူတို့စည်းလုံးညီညွတ်စွာဖြင့် လက်ဦးမှုရှိရှိ ထိထိရောက်ရောက် ဆောင်ရွက် နိုင်ခြင်းကြောင့် ဖြစ်ပေသည်။ အချို့နိုင်ငံများတွင် ထိန်းမနိုင်သိမ်းမရကသောင်းကနင်းဖြစ်ရသောအခြေအနေနှင့် ရင်ဆိုင်ကြရသည်။

မြန်မာနိုင်ငံ၌ ယခု ၂၀၂၀ ပြည့်နှစ် ဇွန်လပိုင်းတွင် ရောဂါစစ်ဆေးတွေ့ရှိရသူများမှာ ပြည်ပမှ ပြန်လာသူ များထံမှ ဖြစ်ပေသည်။ ပြည်တွင်းရှိလူများအချင်းချင်း ကူးစက်မှုမရှိသလောက်ပင်။ ရန်ကုန်မြို့တော်အခြေအနေအားသိသာရန် ကျွန်တော်၏အတွေ့အကြုံအား ပြောပြပါမည်။ ၄-၆-၂၀၂၀ နေ့တွင် ကျွန်တော်သည် ရွှေပြည်သာမြို့တွင်းသို့ သွားခဲ့ရာ မှတ်ပုံတင်ရုံးအနီးရောက်ခဲ့သည်။ နံနက် ၉ နာရီခွဲ ဝန်းကျင်ဖြစ်သည်။ ရုံးကိစ္စဆောင်ရွက်ရန် လူအင်အား ၂၀၀ မျှ ရုံးရှေ့တွင် တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ရသည်။

အချင်းချင်း ၃ ပေမကွာကြပါ။ ပူးပူးကပ်ကပ်ပင်ရပ်နေကြသည်။ သို့သော် ကိုဗစ်ကူးစက်သည် ဟူသော သတင်းမကြားသိရပါ။ ရောဂါကင်းစင်နေကြ၍ ဖြစ်ပါမည်။ တစ်ဖန် ၁၀-၆-၂၀၂၀ ရက်နေ့တွင် ငွေထုတ်ရန်ကိစ္စဖြင့် ရွှေပြည်သာမြို့ကမ္ဘောဇဘဏ်(၂) နှင့် ၂၃-၆-၂၀၂၀ ရက်နေ့တွင် အင်းစိန်မြန်မာ့ဆက်သွယ်ရေးရုံးများသို့ စာရေးသူရောက်ပြန်သည်။ ဘဏ်အဝင်အဖျားတိုင်းခြင်း လက်ဆေးခြင်းဆောင်ရွက်ရသည်။ ဘဏ်အတွင်းတွင်လည်း ၃ ပေအကွာစီနေရသည်။ အင်းစိန်ဆက်သွယ်ရေး ရုံးမှာ အခန်းကျဉ်းသဖြင့် ၃ ပေအကွာနေမရပါ။

အချင်းချင်းပူးပူးကပ်ကပ်ပင်နေရသည်။ ရုံးအဝင်လက်ဆေးရ သည်။ သို့သော် ကိုဗစ်ရောဂါကူးစက်ခံထားရသူများမဟုတ်ကြ၍ ရောဂါမရရှိကြ၊ မကူးစက်ကြပါ။ ၂၂-၆-၂၀၂၀ ရက်နေ့တွင် စာရေးသူသည် ရုံးကိစ္စများဖြင့် ရန်ကုန်မြို့တွင်းနေရာအနှံ့ရောက်ခဲ့သည်။ လမ်းမကြီးများပေါ်တွင် သွားလာသူကြဲကြဲပါးပါးပင်တွေ့ရသည်။ သို့သော်လည်း လမ်းများပေါ်တွင် ကိုယ်ပိုင် ကား၊ တက္ကစီကား၊ ကုမ္ပဏီပိုင်ကုန်ကားငယ်နှင့် ဘတ်စ်ကားများအပြည့်အကျပ်တွေ့ရသည်။

စားသောက်ဆိုင်များတွင်လည်း စနစ်တကျစားသောက်နေသည်ကို တွေ့ရပါသည်။ တစ်စားပွဲနှင့် တစ်စားပွဲ ခွာထားခြင်း တစ်စားပွဲတည်းတွင်ပင် ကာရံထားခြင်းများ တွေ့ရပါသည်။ သို့ဖြစ်၍ ပြည်တွင်း၌ ကိုဗစ်ရောဂါကူးစက်မှုအထူးနည်းပါးကြောင်း တွေ့ရပါသည်။ သွားလာလှုပ်ရှားနေသူ များသည်လည်း မဖြစ်မနေ ကိစ္စရှိ၍ သွားလာသူသာများကြပါသည်။

နိုင်ငံတကာအခြေအနေ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံကြီးများတွင် ကိုဗစ်ရောဂါကူးစက်မှုမှာ အထူးများပြားပါသည်။ အသေအပျောက် လည်း များပြားလှပါသည်။ ကောင်းစွာနှိမ်နင်းနိုင်ပါသည်ဆိုသော နိုင်ငံများပင်တစ်ကျော့ပြန်ကူးစက်မှု တိုးပွား လာသဖြင့် ဒေသဆိုင်ရာအာဏာပိုင်များနှင့် နိုင်ငံအစိုးရများ ခေါင်းခဲကြရသည်။
ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းရပ်အားလုံးရပ်စဲသွားခဲ့သည်။ ဤသို့ဖြင့် သုံးလမျှ ၂၀၂၀ ပြည့်နှစ် မတ်လမှ ဇွန်လအထိ စီးပွားရေးလုပ်ငန်းအားလုံး အကြီး၊ အလတ်၊ အငယ်များအထိနာခဲ့သည်။

လုပ်ငန်းများရပ်စဲရသည်နှင့် အလုပ်လက်မဲ့သန်းပေါင်းများစွာဖြစ်ခဲ့သည်။ ထိုအခါ အစားအသောက်တွင်လည်း လျော့နည်းခဲ့ပြီချွေတာစားရပြီ။ ခရီးသွားလာမှုလည်းမပြုကြရ၊ အိမ်တွင်သာနေရန် ညွှန်ကြားထား၍ဖြစ်သည်။ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းအရောင်းအဝယ်များလည်း လျော့နည်းခဲ့ပြီး ဝင်ငွေလျော့သဖြင့် ဖြစ်သည်။

သို့ဖြင့် ကမ္ဘာ့လူသားတိုင်း ကပ်ရောဂါ၏ ဒဏ်အားခံကြရသည်။ နိုင်ငံတိုင်း၏ စီးပွားရေး၊ ကမ္ဘာ့လုပ်ငန်းကြီး များ၏ စီးပွားရေးသည်လည်း ကျဆင်းခဲ့ရသည်။ ဤအကျပ်အတည်းအား ဖြေရှင်းရန်အတွက် စီးပွားရေး လုပ်ငန်းများအား အကန့်အသတ်ဖြင့် ဖွင့်ကြရတော့သည်။

ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းများအားလုံးအား ၁-၇-၂၀၂၀ ရက်နေ့တွင် ပြန်လည်လည်ပတ်မည်ဟု အစိုးရက ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံမှလည်း ၂၃-၆-၂၀၂၀ ရက်နေ့တွင် သုံးလမျှပိတ်ဆို့ခဲ့သည်။ စီးပွားရေးလုပ်ငန်းများအား ပြန်ဖွင့်မည်ဟုကြေညာခဲ့သည်။

ထို့အတူ အချို့နိုင်ငံများလည်း နိုင်ငံအချင်းချင်း ညှိုနှိုင်းကာ ခရီးသွားလုပ်ငန်းများအား ပြန်ဖွင့်ကြသည်။ စာသင်ကျောင်းများလည်း ပြန်ဖွင့်ကြသည်။ ထို့အတူ အပန်းဖြေစခန်းများလည်း ပြန်ဖွင့်ကြသည်။ ဤသို့ဖြင့် ကမ္ဘာ့လူထုရင်ဆိုင်နေရကာ အထွေထွေ ပြဿနာများအား နိုင်ငံအစိုးရများသည် ဖြေရှင်းကြတော့သည်။

ကမ္ဘာသူကမ္ဘာသားများ ရင်ဆိုင်သော ဖော်ပြပါပြဿနာများမှာ ကိုဗစ်ရောဂါကာကွယ်ဆေးကုသဆေး မဖော်ထုတ်နိုင်မချင်း ရင်ဆိုင်ကြရသည်။ မည်သည့်ကာလမှဆေးများ ဖော်ထုတ်နိုင်မည်ဟုလည်း မည်သည့် ပညာရှင်ကမျှ မပြောနိုင်။ ထို့ကြောင့် ကိုဗစ်ရောဂါသည် လူသားများနှင့် ရေရှည်နေဦးမည့်သဘော သက်ရောက်နေပေသည်။

ဤသည်ကို နယူးဇီလန်နိုင်ငံ အော့ကလန်တက္ကသိုလ်က ရောဂါဗေဒကျွမ်းကျင်ပညာ ရှင် ဆိုင်မွန်ဂျိမ်းစ်သွန်လေက ဤသို့ပြောခဲ့သည်-
''COVID-19  က မိမိတို့နဲ့အတူ ထာဝရနေထိုင်သွားတော့မှာပါ။ ဒီဗိုင်းရပ်စ်ကို ရေရှည်ပပျောက်အောင် နှိမ်နင်းနိုင်မယ်လို့ မိမိကတော့ မထင်ဘူး။ ဒီတော့ ရှေ့လျှောက်ဗိုင်းရပ်စ်နဲ့ ဘယ်လိုနေသားကျအောင် နေထိုင် သွားမလဲဆိုတာကိုပဲ စဉ်းစားရတော့မယ်''

နိုင်ငံအချို့၏ ဖြည့်စွက်လမ်းညွှန်ချက်အသစ်များ
ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများ ကျင့်သုံးနေသော စည်းမျဉ်းစည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ်ကြပါသည်။

(က)    တတ်နိုင်သမျှ မိမိတို့၏ အိမ်တွင်သာနေထိုင်ကြပြီး လူစုလူဝေးရှိရာနေရာများကို မလိုအပ်ဘဲ         မသွားလာရန်
(ခ)    ပါးစပ်နှင့်နှာခေါင်းစည်းကို လူစုလူဝေးရှိရာနေရာများသို့သွားသည့်အခါတိုင်း မဖြစ်မနေတပ်ဆင်         သွားရန်
(ဂ)    အခြားသူများနှင့်တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ပါရန် ဖြစ်နိုင်ပါက အနည်းဆုံး ၆ ပေအကွာမှာ         သာ နေထိုင်ပြောဆိုဆက်ဆံကြပါရန်
(ဃ)    လက်ကိုရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောရန် (သို့မဟုတ်)         လက်သန့်ဆေးရည်နှင့်ဆေးကြောပါရန်

ဖော်ပြပါကျန်းမာရေးစည်းကမ်းများအား ထိရောက်တိကျစွာ လိုက်နာကြသော နိုင်ငံများတွင် ရောဂါပြန့်ပွားမှုနည်းပြီး လူတို့အသေအပျောက်လည်း လျော့နည်းခဲ့သည်။ အချို့နိုင်ငံအစိုးရများသည် စီးပွားရေး ထိခိုက်နိုင်မည်ကို စိုးရိမ်ပြီး ဖော်ပြပါကျန်းမာရေး စည်းကမ်းများအား မတင်းကြပ်သောနိုင်ငံများတွင် ရောဂါပြန့်ပွားမှုမြင့်မားပြီး လူအသေအပျောက်လည်း များပြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် မတ်လမှ မေလအထိ သုံးလတာမျှ ဖော်ပြပါညွှန်ကြားချက်များအား လိုက်နာပြီးသောအခါ အခြေအနေအရပ်ရပ်ကလည်း တောင်းဆိုလာခဲ့ပြီ၊ ဤသည်တို့ကား-
(က)    စားဝတ်နေရေးအတွက် လူတိုင်းအလုပ်လုပ်ကိုင်ရေး။
(ခ)    ကျောင်းများပြန်လည်ဖွင့်လှစ်ရေး။
(ဂ)    အိမ်နီးချင်းနိုင်ငံများနှင့် ကူးလူးဆက်ဆံရောင်းဝယ်ရေး။
(ဃ)    နိုင်ငံတကာနှင့် ဆက်ဆံရေး၊ ရောင်းဝယ်ရေး။
(င)    သာရေးနာရေး လူမှုရေးနိုင်ငံရေးကိစ္စဆောင်ရွက်ရေး။
(စ)    အပန်းဖြေအနားယူရေး။
ဖော်ပြပါလုပ်ငန်းများသည် မဖြစ်မနေ လုပ်ကြရမည်ဖြစ်ပေရာ အောက်ဖော်ပြပါ ရောဂါမပြန့်ပွားရေး အတွက် ကန့်သတ်ထားသော စည်းကမ်းများအား လျော့ပေါ့လာကြရတော့သည်။
(က)    တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း။
(ခ)    ပါးစပ်နှင့် နှာခေါင်းစည်းတပ်ခြင်း။
(ဂ)    နေရာတိုင်းတွင် ၆ ပေကွာနေထိုင်ခြင်း။

ထို့ကြောင့် အချို့နိုင်ငံများသည် ရောဂါမပြန့်ပွားစေရန်အတွက် အောက်ပါလမ်းညွှန်ချက်အသစ်များအား ချမှတ်လာသည်ကို လေ့လာတွေ့ရှိရသည်။

(က)    ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းတွေကို အကွေ့အကောက်ပုံစံထိုင်ရန်။
(ခ)    လေအေးပေးစက်များအား နှစ်နာရီတိုင်း တစ်ခါပိတ်ရန်။
(ဂ)    လေဝင်လေထွက်ကောင်းမွန်စေရန် ပြတင်းပေါက်များဖွင့်ထားရန်။
(ဃ)    နွေရာသီတွင် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းနှင့် N-95 နှာခေါင်းစည်းနှစ်မျိုးကို ဆောင်ထားရန်နှင့်   လူထူထပ်သောပတ်ဝန်းကျင်နေရာများတွင် တပ်ဆင်အသုံးပြုရန်။
ရေရှည်ဆောင်ရွက်ကြရန်

COVID-19 ရောဂါသည် ကမ္ဘာသူ ကမ္ဘာသားများနှင့် ကာကွယ်ဆေးကုသဆေး မဖော်ထုတ် မသုံးစွဲနိုင် မချင်း နေသွားမည်ဖြစ်ပေရာ မြန်မာပြည်သူများအနေဖြင့်လည်း လက်ရှိကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များအတိုင်း နေ့စဉ်လူမှုရေးဘဝလုပ်ငန်းများ လုပ်ကိုင်ရင်း လိုက်နာဆောင်ရွက်ကြ ရပါမည်။

ထို့အပြင် နိုင်ငံတော်အစိုးရမှလည်း အောက်ပါတို့အား ဆောင်ရွက်ရန် အကြံပြုအပ်ပါသည်-
(က)    တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရောင်းဝယ်ရေးစခန်းများအနီးတွင် ကပ်ရောဂါ ရှာဖွေရေးစက်များထားရှိကာ နှစ်နိုင်ငံကူးသန်းသွားလာနေသူများအား စစ်ဆေးရောဂါရှာဖွေဖော်ထုတ်ရန်။
(ခ)    နိုင်ငံတကာလေဆိပ်များ သင်္ဘောဆိပ်များတွင်လည်း ရောဂါရှာဖွေရေးစက်များ ထားရှိပြီး ရောဂါ ရှာဖွေစစ်ဆေးရန်။
(ဂ)    တစ်နိုင်ငံလုံးရှိ အရပ်ဘက်အဖွဲ့အစည်းများ ဆေးရုံများမှလည်း မိမိတို့ဒေသတွင် ရောဂါဖြစ်ပွားမှု အခြေအနေအား အလျင်မြန်ဆုံး သတင်းပို့စေပြီး ရောဂါတွေ့ရှိရာနေရာအား ပိတ်ဆို့ပြီး ဝိုင်းဝန်းနှိမ်နင်းရန် အတွက် စီမံရန်။
(ဃ)    နိုင်ငံတကာမှ ဝင်လာသူများအား COVID ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ပါသူမှသာ ဝင်ခွင့်ပြုရန်။
(င)    မိမိနိုင်ငံမှ ထွက်ခွာမည့် နိုင်ငံသားများ၊ နိုင်ငံခြားသားများအားလည်း ကိုဗစ်ရောဂါကင်းရှင်းကြောင်း စစ်ဆေးပြီး ရောဂါသန့်စင်သူမှ ထွက်ခွာခွင့်ပြုရန်

ဖော်ပြပါအကြံပြုချက်များနှင့် နိုင်ငံအချို့၏ ပြုပြင်ပြောင်းလဲကျင့်သုံးလာမှုများအား မိမိနိုင်ငံနှင့် လျော်ညီ စွာ ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်ရောဂါပျံ့နှံ့မှုကူးစက်မှုအား နှိမ်နင်းနိုင်မည်ဖြစ်ပေသည်။
နိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံး သတိရှိရှိဖြင့် အစဉ်အမြဲပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ကိုယ်နှင့်နေသားကျအောင် နေတတ်သွားပါမည်။ အကျိုးဆက်အနေဖြင့် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာ မည်ဖြစ်ပေတော့သည်ဟု အကြံပြုအပ်ပါသည်။
ကိုဗစ်နှင့် နေသားကျအောင်နေတတ်ဖို့ ကြိုးစားမှ မိမိတို့ဘဝလှပမည်မဟုတ်ပါလား။

မြင်းခြံကျော်အောင်






အခြားဆက်စပ်သတင်းများ