နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စုပေါင်းအင်အားနဲ့ ဖြတ်ကျော်ကြမယ်

COVID-19 ရောဂါ ကာကွယ်တားဆီးရေးကာလတွင် ရန်ကုန်မြို့နေပြည်သူလူထုအတွက် စားနပ်ရိက္ခာ ပို့ဆောင်ကူညီရေးအစီအစဉ်ကို လူထုအခြေပြုပရဟိတအဖွဲ့ဖြစ်သည့် We Love Yangon က ဆောင်ရွက် ပေးလျက်ရှိသည်။ ထိုသို့ကူညီဆောင်ရွက်ရာတွင် မူလဈေးနှုန်းထက် အသက်သာဆုံးဈေးနှုန်းဖြင့် အကျိုးအမြတ်မယူဘဲ ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ ယခုကဲ့သို့ ပြည်သူလူထုအကျိုးကို ရှေးရှုဆောင်ရွက်လျက်ရှိသည့် We Love Yangon အဖွဲ့အကြောင်းကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ We Love Yangon ၏ EC အဖွဲ့ဝင် ကိုစန်းမောင်မောင်ကို မြို့တော်သတင်းမှ သွားရောက်တွေ့ဆုံမေးမြန်းထားပါသည်။ မြို့တော် ။ ။ We Love Yangon ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်အချိန်မှာ စတင်ဖွဲ့စည်းခဲ့တာလဲ။ ကိုစန်းမောင်မောင် ။ ။ ရန်ကုန်မြို့နေပြည်သူလူထုရဲ့ လူမှုဘဝ သာယာလှပရေးအတွက်ဆိုပြီး မတ် ၅ ရက်မှာ စတင်ဖြစ်ပါတယ်။ သန့်ရှင်းရေးနဲ့ပတ်သက်တာတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ၊ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးတွေရဲ့ တချို့နေရာလေးတွေမှာ မြန်မြန်ရွှေ့လို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စပြီးဦးတည်ခဲ့တာပါ။ We Love Yangon မှာ ကော်မတီ ၁၂ ခုလောက်ရှိပါတယ်။ အခုလှုပ်ရှားဆောင်ရွက်နေတာက အရေးပေါ်ကာလ စီမံခန့်ခွဲရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီကနေ ဆောင်ရွက်နေတာပါ။ မြို့တော် ။ ။ အဖွဲ့ဝင် ဘယ်နှစ်ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာလဲ။ လက်ရှိမှာရော အဖွဲ့ဝင်အင်အား ဘယ်လောက်ရှိလဲ။ ကိုစန်းမောင်မောင် ။ ။ ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌက အမေ ဒေါ်သန်းမြင့်အောင်ပါ။ EC အဖွဲ့ဝင် ၂၁ ဦးနဲ့ စတင်ဖွဲ့စည်းဖြစ်ပါတယ်။ သက်ဆိုင်ရာ သက်ဆိုင်ရာပရဟိတအဖွဲ့ခေါင်းဆောင်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ လက်ရှိမှာ အဖွဲ့ဝင်ဘယ်လောက်ရှိတယ်ဆိုတာက ပြောရခက်ပါတယ်။ အွန်လိုင်းကနေကြော်ငြာပြီး စေတနာရှင် Volunteer ကို ခေါ်လိုက်တဲ့အတွက် အများကြီးဖြစ်သွားပါတယ်။ တစ်နေ့ကို တစ်ရာကျော်လောက် ရောက်လာပြီး ကူညီနေကြတာပါ။ မြို့တော် ။ ။ COVID-19 ရောဂါဖြစ်ပွားနေချိန်မှာ ကူညီနေတဲ့ လုပ်ငန်းစဉ်အကြောင်းလေး ရှင်းပြပေး ပါဦး။ ကိုစန်းမောင်မောင် ။ ။ COVID-19 ရောဂါပြဿနာဖြစ်လာတယ်။ ဒီရောဂါက ကပ်ရောဂါသဘောမျိုးဖြစ်လာပြီး အခြားနိုင်ငံတွေမှာ လူတွေအများကြီးသေကြတယ်။ လူတွေ အများကြီး စုဝေးနေတဲ့နေရာကနေ ကူးသွားလို့ရှိရင် အသက်ကြီးပိုင်းတွေက အဖိတ်အစဉ်များတယ်။ ကျွန်တော်တို့က အဲဒီလို မဖြစ်စေချင်တဲ့ဆန္ဒနဲ့ လူတွေကို အိမ်ထဲမှာပဲနေ၊ ကျွန်တော်တို့က အရောက်လိုက်ပို့မယ်ဆိုပြီး စလုပ်ခဲ့တယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ မနက် ၁၀ နာရီလောက်ကနေစပြီး အော်ဒါလက်ခံလိုက်တယ်။ အဲဒီအော်ဒါမှာတဲ့ဟာတွေကို ကောက်ထားပြီး သုံးရက် လောက်အတွင်းမှာ အိမ်အထိ အရောက်လိုက်ပို့ပါ တယ်။ ပစ္စည်းရောက်မှ ကျသင့်ငွေကို ကောက်ခံပါတယ်။ မြို့တော် ။ ။ အလှူရှင်တွေ လာရောက်လှူဒါန်းနေကြတာလဲ တွေ့ရတယ်။ ကိုစန်းမောင်မောင် ။ ။ ကျွန်တော်တို့သွားနေတာက နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက အရောင်းပိုင်းပါ။ အဲဒီမှာ Package A, B, C ဆိုပြီး ၁၆၀ဝ၀ ကျပ်တန်ရယ်၊ ၁၂၀ဝ၀ ကျပ်တန်ရယ်၊ ၁၀ဝ၀ဝ ကျပ်တန်ရယ် သုံးမျိုးရောင်းပေးတယ်။ အမျိုးအစားတော့ မတူဘူး။ အမျိုးအစား ၈ မျိုးပါတယ်၊ ၆ မျိုးပါတယ်၊ ၄ မျိုး ပါတယ်။ ဒါက ရောင်းပေးတဲ့ အပိုင်း။ တချို့ကျတော့ ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ အခြေခံလူတန်းစားတွေကို လှူချင်တယ်ဆိုတာ ရှိလာတယ်။ လှူချင်တဲ့အခါကျတော့ မျှဝေခြင်းအစီအစဉ်ဆိုတဲ့ အလှူကဏ္ဍတစ်ခု ဖွင့်ပေးလိုက်တယ်။ အလှူပိုင်းမှာ နည်းနည်းပြန်ထပ်ခွဲသွားတာက တချို့ကျတော့ အစားအသောက် ပစ္စည်းလာလှူတယ်။ တချို့ကျတော့ Volunteer တွေအတွက် လှူတယ်။ တချို့ကျတော့ Quarantine ဌာန ကိုလှူပေးပါ၊ ဝေဘာဂီဆေးရုံကိုလှူပေးပါ စသဖြင့် အဲဒီလို လှူတာလည်းရှိတယ်။ တချို့ကျတော့ Package ဘယ်လောက်ကို လူအယောက် ၁၀ဝ စာ ပိုက်ဆံလှူခဲ့မယ်၊ အဲဒါကို လှူပေးပါဆိုပြီးရှိတယ်။ အဲဒါတွေကို ဘောက်ချာနဲ့ စာရင်းယူထားပြီး ပြန်သွားလှူပေးပါတယ်။ မြို့တော် ။ ။ We Love Yangon ဌာနခွဲလေးတွေ ဖွင့်ထားတယ်လို့သိရတယ်။ ဘယ်မြို့နယ်တွေမှာ ဖွင့်ထားတာလဲ။ ကိုစန်းမောင်မောင် ။ ။ We Love Yangon ကို စပြီးဆောင်ရွက်တုန်းက တောင်ဥက္ကလာကို အခြေချလိုက်တာပါ။ ဒါပေမဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ခရိုင်လေးခု ခွဲလုပ်ချင်တယ်ဆိုပြီး တောင်းဆို ထားတယ်။ အခုဆိုရင် တောင်ဥက္ကလာရှိမယ်။ မင်းဓမ္မ၊ MCC မှာ စထိုင်နေပြီ။ နောက်ပြီး အထက(၄) အလုံမှာလည်း စထိုင်နေပြီ။ နောက်တစ်ခုကတော့ တောင်ဒဂုံဘက်မှာ ဖြစ်မယ်ထင်ပါတယ်။ လက်ရှိမှာ မြို့နယ်အလိုက် လှုပ်ရှားနေတာလေးတွေလည်းရှိပါတယ်။ မြို့တော် ။ ။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတာမျိုးတွေရောရှိလား။ အစိုးရက ဘာတွေ ထောက်ပံ့ ပေးထားလဲ။ ကိုစန်းမောင်မောင် ။ ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော့ ကျွန်တော်တို့ကို Support လုပ်ပေးပါတယ်။ လိုအပ်တာရှိရင် ပြောပေါ့နော်။ အခုလို We Love Yangon ဌာနလေးတွေ ခွဲလိုက်တဲ့နေရာမှာလည်း ပူးပေါင်းဆောင်ရွက်ပေးပါတယ်။ Volunteer တွေကို အကြိုအပို့လုပ်ဖို့အတွက် YBS ကျောင်းကား ၄ စီးလည်း ကူညီပေးထားပါတယ်။ မြို့တော် ။ ။ အခုလို ပြည်သူတွေကို ကူညီနေတဲ့နေရာမှာ ဘယ်လိုအခက်အခဲလေးတွေ တွေ့ရလဲ။ ကိုစန်းမောင်မောင် ။ ။ ကျွန်တော်တို့က ကုမ္ပဏီပုံစံမျိုးသွားတာမဟုတ်ဘဲ ပရဟိတပုံစံမျိုးသွား တာဖြစ်တဲ့အတွက် အချို့နေရာလေးမှာ အခက်အခဲတော့ရှိတာပေါ့။ တချို့ကျတော့ ဒီနေ့ချက်ချင်းပို့ပေးပါ။ တချို့ကျတော့ လာလှူပြီး မနက်ဖြန်ပဲ သွားလှူပေးပါ။ ဒါမျိုးတွေကျတော့ ကျွန်တော်တို့မှာ အခက်အခဲ ရှိပါတယ်။ မြို့တော် ။ ။ လာကူညီတဲ့ Volunteer တွေအတွက်ရော COVID-19 ရောဂါမကူးစက်အောင် ဘယ်လိုတွေ စီမံဆောင်ရွက်ပေးလဲ။ ကိုစန်းမောင်မောင် ။ ။ ဝင်လာတာနဲ့ အဝမှာ အပူချိန်တိုင်းတယ်။ ပိုးသတ်ဆေးဖျန်းတယ်။ လက်ဆေးခိုင်းတယ်။ Mask တပ်ခိုင်းတယ်။ ပြီးမှ အထဲကို(တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစား ခန်းမ)ဝင်ခိုင်းတယ်။ အလုပ်လုပ်တဲ့အချိန်မှာလည်း တစ်ယောက်နဲ့တစ်ယောက် သုံးပေစီခွာပြီး လုပ်ကြဖို့ ပြောပါတယ်။ တစ်ခါတစ်လေ လုပ်ရင်းကိုင်ရင်း ကပ်သွားတာမျိုးလေးတွေတော့ ရှိတာပေါ့။ လူတွေကို ရောဂါမပြန့်ပွားအောင် အထောက်အကူပေးတဲ့အနေနဲ့ ရည်ရွယ်ချက်နဲ့လုပ်တဲ့အတွက် ကိုယ်ကိုယ်တိုင်က ရောဂါဖြန့်တဲ့သူမဖြစ်အောင် သတိထားပြီး လုပ်ပါတယ်။ မြို့တော် ။ ။ အခုလိုကူညီနေတာအပြင် နောက်ထပ်ရော ဘယ်လိုအစီအစဉ်တွေနဲ့ ကူညီသွားဖို့ ပြင်ဆင်ထားတာရှိလဲ။ ကိုစန်းမောင်မောင် ။ ။ ကျွန်တော်တို့က နောက်တန်းကကူညီတဲ့အပိုင်းအနေနဲ့ လုပ်နေတာပေါ့နော်။ တချို့ Volunteer တွေက Quarantine ဌာနတွေမှာ လိုအပ်ရင် ထပ်သွားကူညီချင်နေတဲ့သူမျိုးတွေ လည်းရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆရာမဒေါ်သန်းမြင့်အောင်က စာရင်းကောက်ထားတာရှိတယ်။ လိုအပ်ရင် ကူညီလို့ရအောင် အရန်အင်အားအနေနဲ့ ပြင်ဆင်ထားပါတယ်။ မြို့တော် ။ ။ အစ်ကို့အနေနဲ့ ဖြည့်စွက်ပြောကြားချင်တာမျိုးရှိလား မသိဘူး။ ကိုစန်းမောင်မောင် ။ ။ တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့။ အိမ်ထဲမှာပဲ နေကြပါ။ ဒီရောဂါက ဘယ်လောက်ပဲ ကြောက်ဖို့ကောင်းနေပါစေ စုပေါင်းအင်အားနဲ့ ဖြတ်ကျော်နိုင်မှာပါ။ အရမ်းကြောက်စရာမလိုသလို ပေါ့ပေါ့ဆဆလည်း မနေကြပါနဲ့။ ဒီပုံစံအတိုင်း စုစုစည်းစည်းနဲ့သွားမယ်ဆိုရင် အချိန်တိုအတွင်းမှာ ဖြတ်ကျော်သွားနိုင်မယ်လို့ ထင်ပါတယ်။ မှတ်ချက် ။ ။ We Love Yangon မှ အခြေခံစားသောက်ကုန်ပစ္စည်းများကို မှာယူလိုပါက 09-669978151, 09-669978152, 09-669978153, 09-669978154, 09-669978155 တို့သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ တွေ့ဆုံမေးမြန်းသူ - ကျော်စိုးသူ (City News)






အခြားဆက်စပ်သတင်းများ