ဇူလိုင် ၆၊ ရောမ
အီတလီအစိုးရမှာ မြေထဲပင်လယ်မှ ကယ်ဆယ်ထားသည့် ရွှေ့ပြောင်းနေထိုင်သူ ၁၈၀ ကို ပရဟိတအဖွဲ့အစည်း၏ သင်္ဘောပေါ်မှ ကမ်းဆင်းခွင့်ပေးခဲ့သည်။ ရက်သတ္တပတ်ကျော် ကြာမြင့်သည့် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ ရွှေ့ပြောင်းလုပ်သားများနှင့် သင်္ဘောအမှုထမ်းများ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ရခြင်းကြောင့် ပြီးခဲ့သည့်သောကြာနေ့တွင် ကယ်ဆယ်ရေးအဖွဲ့ SOS Méditerranée မှ ပြေးဆွဲနေသည့် Ocean Viking သင်္ဘောက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
ရွှေ့ပြောင်းနေထိုင်သူများကို စစ္စလီကျွန်းရှိ အစိုးရသင်္ဘောပေါ်သို့ ရွှေ့ပြောင်းပေးမည်ဖြစ်ပြီး ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်ထားရမည်ဖြစ်သည်။ Ocean Viking သင်္ဘောပေါ်တွင် လိုက်ပါလာသူများကို ကျန်းမာရေးဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခဲ့ပြီးဖြစ်သည်။ ဆေးစစ်မှုရလဒ်များကို ဇူလိုင်လ ၆ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သည်။ သင်္ဘောပေါ်တွင် လိုက်ပါလာသူများမှာ ပါကစ္စတန်၊ အီရစ်ထရီယာ စသည့်နိုင်ငံများတွင် နေထိုင်သူများဖြစ်သည်။ ယင်းတို့မှာ လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းမှ ထွက်ပြေးလာသူများဖြစ်ပြီး ဇွန်လ ၂၅ ရက်မှ ၃၀ ရက်ကြားကာလအတွင်း အုပ်စု ၄ စုခွဲ၍ ကယ်ဆယ်ပေးခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူများတွင် အုပ်ထိန်းသူမပါသည့် ကလေးငယ် ၂၅ ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး ပါဝင်သည်။
Ref:BBC(KNT)