နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဲခေါင်-လန်ချန်း ရန်ပုံငွေဖြင့် သစ်တောဆိုင်ရာအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းရေးစီမံကိန်း စတင်မည်

ရန်ကုန်   ဇူလိုင်   ၂၂

သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ သစ်တောသုတေသနဌာနအနေဖြင့် သစ်တောဆိုင်ရာအရင်းအမြစ် များကာကွယ်ထိန်းသိမ်းရေးစီမံကိန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်တောဆိုင်ရာအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်း ရေးစီမံကိန်းကို အမေရိကန်ဒေါ်လာ လေးသိန်းကျော်ဖြင့် ယခုဘဏ္ဍာနှစ်အတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး ကျိုင်းတုံ၊ တာချီလိတ်စသည့် မဲခေါင်မြစ်ဝှမ်းနှင့်ဆက်စပ်သောဒေသများတွင် သဘာ၀တောများရှိ အပင်များနှင့် စိုက်ခင်းများတွင် ကျရောက်တတ်သော ရောဂါပိုးမွှားများ၊ ဖျက်ပိုး များနှင့်ပတ်သက်၍ လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

“သဘာ၀သစ်တောတွေထဲက သစ်ပင်တွေနဲ့ စိုက်ခင်းတွေမှာ ကျရောက်တတ်တဲ့ ရောဂါပိုးမွှားတွေ၊ ဖျက်ပိုးတွေကိုဘယ်လိုနှိမ်နင်း ရမလဲဆိုတာကို လေ့လာသွားမှာဖြစ်ပါတယ်။ အဲဒီလို နှိမ်နင်း တဲ့အခါမှာ ဓာတုဆေးဝါးတွေရဲ့ အန္တရာယ်တွေကို ဒေသခံပြည်သူ တွေ သိရှိနားလည်နိုင်အောင် ပညာပေးလုပ်ငန်းတွေလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုဘဏ္ဍာနှစ်ထဲမှာ စတင် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခု ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါပြီ” ဟု သစ်တောသုတေသနဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ရှင်းက ပြောသည်။

သစ်တောသုတေသနဌာနသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် လည်း  ကျိုင်းတုံ၊  တာချီလိတ်စသည့်  မဲခေါင်မြစ်ဝှမ်းနှင့် ဆက်စပ်သော ဒေသများ၌ သဘာ၀ဆေးဖက်၀င်အပင်များနှင့် ပတ်သက်သော သုတေသနလုပ်ငန်း၊ ရေအရည်အသွေးနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများနှင့် ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၄ ဖြင့် ၀န်ကြီးဌာန ခြောက်ခုက စုစုပေါင်းစီမံကိန်း ၁၂ ခုကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ဖြင့် ဆောင် ရွက်သွားမည်ဖြစ်ရာ အဆိုပါစီမံကိန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောဆိုင်ရာအရင်းအမြစ်များ ကာကွယ် ထိန်းသိမ်းရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များတွင် သဘာ၀ပတ်၀န်းကျင်ကို အကျိုးပြုသော အလေ့အထနှင့် တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်ရေး၊ ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ တီထွင်ဆန်းသစ်မှုနှ့င့် ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေး စသည့်ကဏ္ဍများကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။       








 (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ