ပွင့်ဖြူ၊ ဇူလိုင် ၂၂
ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်း စိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့ချိန်ဖြစ်ကာ နွေနှမ်းဈေးကွက် ၌ ဂျပန်နှမ်းနက်တစ်တင်းလျှင် ငွေကျပ် ၁၈၀၀၀၀ ဈေးဖြင့် အရောင်း အဝယ် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် နှစ်စဉ် နွေသီးနှံ စိုက်ပျိုးရာသီ၌ ဆီစားသုံးမှု ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာတို့ကို အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ခင်းများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လုံလောက်စွာရရှိခဲ့သဖြင့် အထွက်နှုန်းများ ကောင်းမွန် လျက်ရှိသည်။
ပွင့်ဖြူမြို့နယ် ဒေသခံတောင်သူများသည် ဆီထွက်သီးနှံ နှမ်း စိုက်ပျိုးခြင်းကို မဲဇလီရေလွှဲဆည်ရေကိုအမှီပြုပြီး (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးကြရာ သီးနှံအထွက်နှုန်းများ တိုးတက် ကောင်းမွန်စေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများက လိုအပ်သည့် စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် သီးနှံအချိန်မီ ရိတ်သိမ်း ခြွေလှေ့နည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)