နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မရမ်းကုန်းခရိုင်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ ဇူလိုင် ၁၆

မရမ်းကုန်းခရိုင်အတွင်း ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များ ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၇ နာရီခွဲ က မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ ရန်ကုန် - အင်းစိန်လမ်းရှိ လှိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး၊ စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးတက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြောက် ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့ နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိ သူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး များနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြို့တော်ဝန်က"ယခုအခါ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင်ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားမှုအချို့ရှိ ကြောင်း၊ မရမ်းကုန်းခရိုင်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူဦးရေမှာ ဇူလိုင် ၁၆ ရက် နံနက် အထိ ၆၄ ဦးရှိကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို သာမန်၊ ပြင်းထန်နှင့် ဓာတ်ခွဲစစ် ဆေးပြီး ပိုးတွေ့လူနာဟူ၍ သုံးမျိုးခွဲခြားထား ကြောင်း၊ မြို့နယ်ကျန်းမာရေးဌာနများတွင် OPD ဌာနများ ဖွင့်လှစ်ထားပြီး၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သောလူနာများအား ဆေးရုံသို့ ပို့ဆောင် ကုသပေးလျက်ရှိကြောင်း၊ လူအများစုဝေးသည့်နေရာများဖြစ်သည့် ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ စျေးများရှိ ရေကန်များတွင် ကလိုရင်းဆေးခတ်ခြင်းနှင့် သန့်စင်ခန်းများတွင် လက်ဆေး ဆပ်ပြာများ အလုံ အလောက်ထားရှိပေးရန် လိုအပ်ကြောင်း၊ ပြည်သူ့ ကျန်းမာရေးဌာနအနေဖြင့် ရာသီအလိုက်ဖြစ်ပွား တတ်သည့်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာမြို့ နယ်များအတွင်းရှိ ရေသန့်စက်ရုံများကို ကျန်းမာ ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်  ရေအရည် အသွေးအတိုင်း ထုတ်လုပ်နိုင်ရေး ကြပ်မတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  ယခုအခါ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သည့်အနေအထားသို့ ရောက်ရှိနေပြီး၊ ကင်းစင်ပပျောက်အောင် သက် ဆိုင်ရာဌာနများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားသည်။ 

ထို့နောက်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဖြစ်ပွားလျက်ရှိသည့် ဝမ်း ပျက်ဝမ်းလျှောရောဂါ ထိန်းချုပ်နိုင်ရေးဆရာဝန် များ အင်အားဖြည့်တင်း ဆောင်ရွက်ထားရှိမှု၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် လိုအပ်သည့် ဆေးဝါးနှင့်ကာကွယ်ရေးပစ္စည်းများ ဖြည့်ဆည်း ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်း တင်ပြပြီး၊ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က ရောဂါဖြစ်ပွားမှုအခြေ  အနေနှင့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ရောဂါဖြစ်ပွားသူများအား ဆေးကုသမှုအခြေအနေများနှင့် သက်သာပျောက် ကင်းမှု အခြေအနေများ၊ ကျန်းမာရေးဝန်ကြီးဌာန နှင့်တိုင်းဒေသကြီး တာဝန်ရှိသူများက အနီးကပ် ကြီးကြပ် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ၊ မြို့တော်ဝန်က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်သည် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် တာဝန်ရှိသူများလိုက် ပါလျက် လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက်၊ အုတ်ကျင်း ဘူတာရုံလမ်းရှိ ဇေယျမင်္ဂလာပရိယတ္တိစာသင် တိုက်သို့ သွားရောက်၍ စာသင်တိုက်အတွင်းရှိ ရေကန်များ၊ သန့်စင်ခန်း(ကုဋီ)များ သန့်ရှင်းမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး၊ မြို့တော်ဝန်ကရေကန် များတွင် ကလိုရင်းဆေးခတ်ရန်နှင့် သန့်စင်ခန်း တွင် လက်ဆေးဆပ်ပြာများထားရှိရန် မှာကြား ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင် မြို့နယ်၊ (၁၄) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်း ရှိ စျေးများနှင့် ကုန်စည်ပွဲရုံများဌာန အုတ်ကျင်း စျေးသို့သွားရောက်၍ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် လူမှု ရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ဝမ်းပျက်ဝမ်း လျှောရောဂါကာကွယ်ရေး အသိပညာပေးပိုစတာ များ ကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း၊ သောက်ရေသန့်ရှင်းရေးအတွက် ရေသန့် ဆေးပြားများ ဝေငှခြင်း၊ သုံးရေသန့်ရှင်းရေး အတွက် ကလိုရင်းဆေးခတ်ခြင်း၊ စျေးအတွင်း ရောင်းချလျက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့်သား ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/ မရှိ၊ အစားအစာ များတွင် ဓာတုဆိုးဆေးများ သုံးစွဲထားမှုရှိ/မရှိ၊ အသားငါးများ ရောင်းချရာတွင် ယင်လုံပိတ်စများ ဖုံးအုပ် ထားမှု ရှိ/မရှိ၊ သန့်စင်ခန်းများသန့်ရှင်းမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး  မြို့တော်ဝန်က ကျန်းမာရေးနှင့်ညီညွတ်သည့် အသားငါးများကို သာရောင်းချရန်၊ စျေးအတွင်းသန့်ရှင်းသပ်ရပ် မှုရှိစွာ ရောင်းဝယ်ဖောက်ကားကြရန်၊ စျေးအတွင်း ရောင်းချသည့် စျေးသည်များအနေဖြင့်စည်းကမ်း နှင့်အညီ ရောင်းဝယ်ကြရန်၊ စျေးအတွင်းရှိ အများသုံးသန့်စင်ခန်းများ အစဉ်သန့်ရှင်းမှုရှိစေ ရန်နှင့် လက်ဆေးနေရာတွင် ဆပ်ပြာများထား ရှိရန်၊ သတ်မှတ်ထားသည့် စျေးနှုန်းများထက် ပိုမိုရောင်းချခြင်း မပြုရန်တို့ကို မှာကြားပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

အုတ်ကျင်းစျေးသည် နှစ်ဧကကျယ်ဝန်းပြီး စျေးရုံကိုးရုံတွင် စျေးဆိုင်ခန်း ၂၆၈ ခန်း ဖွင့်လှစ် ရောင်းချလျက်ရှိသည်။ 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ အောင်ဓမ္မာရိပ်သာ လမ်းတွင်နေထိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပြီး ဝေဘာဂီဆေးရုံတွင် ဆေးကုသမှုခံ ယူနေသော လူနာ ဒေါ်ဝင်းဝင်းထက်၏ နေအိမ် နှင့်မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ရန်ကုန် - အင်းစိန်လမ်းတွင် နေထိုင်သည့် ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်ပွားပြီး အင်းစိန်ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးကုသမှုခံယူနေသော လူနာမောင် ရှင်းသန့်ဇော်တို့ နေထိုင်သည့် နေအိမ်သို့သွား ရောက်၍၊ အတူနေထိုင်သူများနှင့် မိသားစုဝင် များကို ရောဂါကူးစက်မှု မရှိစေရေးအတွက် သန့်ရှင်းသော အစားအစာနှင့် သန့်ရှင်းသော သောက်သုံးရေများသုံးစွဲရန်၊ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာ ကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။                       








သတင်း-ရဲနန္ဒာလင်းမြင့်

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ