နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ချန်ပီယံများဖြစ်သော ဒီယိုဂိုကယ်လာဒိုနှင့်နူဇက်ထရူဟီလိုတို့ကို WLC စာချုပ်ချုပ်ဆို

ရန်ကုန်    ဇူလိုင်     ၅

မြန်မာ့ရိုးရာလက်ဝှေ့ပွဲများစီစဉ်သည့်အကြီးဆုံးအဖွဲ့အစည်းဖြစ်သော WorldL ethwei Championship (WLC) သည်ကမ္ဘာ့ချန်ပီယံများဖြစ်သည့် ပေါ်တူဂီဖိုက်တာ ဒီယိုဂိုကယ်လာဒိုနှင့် စပိန်ဖိုက်တာနူဇက်ထရူဟီလိုတို့ကို  စာချုပ်ခေါ်ယူကာကမ္ဘာ့အဆင့်ကစားသမားစာရင်းကို ထပ်မံအင်အားဖြည့်တင်းလိုက်ကြောင်း သိရသည်။

ဒီယန်ဂိုကယ်လာဒိုမှာ ကိုယ်အလေးချိန် ၇၅ ကီလိုရှိသူဖြစ်ကာ ၃၉ ပွဲနိုင်၁၇ပွဲရှုံးရလဒ်ရှိထားသူဖြစ်ပြီးကမ္ဘာ့ထိပ်တန်းတိုက်ခိုက်ရေးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေသူဖြစ်ကာ Enfusion ကမ္ဘာ့ချန်ပီယံ၊ WBC ဥရောပချန်ပီယံ၊ ISKA ဥရောပချန်ပီယံနှင့် Strikers League ချန်ပီယံဘွဲ့များရရှိထားသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါ်တူဂီနိုင်ငံသား၏ထိုးလုံးသတ်ပုတ်ပုံမှာ မြန်မာ့လက်ဝှေ့နှင့်အသင့်တော်ဆုံးအခြေအနေတွင် ရှိနေသည်။ နျူဇက်ထရူဟီလိုမှာ ကိုယ်အလေးချိန် ၇၀ ကီလိုရှိပြီး ပွဲ ၄၀ နိုင်၊ ၇ ပွဲရှုံး၊ ၁ ပွဲသရေဖြင့်ရရှိထားသူ ဖြစ်သည်။
စပိန်နိုင်ငံသား နူဇက်ထရူဟီလိုမှာ WMC စပိန်ချန်ပီယံ၊ ISKA ဥရောပချန်ပီယံ၊ IPCC Intercontinental ချန်ပီယံနှင့် ISKA ကမ္ဘာ့ချန်ပီယံဘွဲ့များ သိမ်းပိုက်ထားသူဖြစ်သည်။ ကစ်ဘောက်ဆင်ထူးချွန်သူ စပိန်ဖိုက်တာ ထရူဟီလိုမှာ တိကျအားပါသော ဝိုက်လက်သီးများဖြင့် ပြိုင်ဘက်ကို အနိုင်ယူနိုင်စွမ်းရှိသူဖြစ်သည်။

အဆိုပါ ကမ္ဘာ့အဆင့်ဖိုက်တာများ ထပ်မံခေါ်ယူနိုင်ခဲ့မှုကို WLC ဥက္ကဋ္ဌဦးဇေသီဟက"WLC ရဲ့ကစားသမား အင်အားက ကမ္ဘာ့အကောင်းဆုံးထဲ ပါလာပါပြီ။ ကယ်လာဒိုနဲ့ ထရူဟီလိုကိုလည်း WLC က ကြိုဆိုပါတယ်။    ကမ္ဘာပေါ်ကအကောင်းဆုံးတိုက်ခိုက်ရေးပညာရပ်တစ်ခုဖြစ်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာ့အကောင်းဆုံးတွေ လာရောက်ယှဉ်ပြိုင်အောင် ကျွန်တော်တို့ ဆွဲဆောင်နိုင်တာနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကြိုးဝိုင်းထဲ သူတို့ယှဉ်ပြိုင်ထိုးသတ်မှာတွေကို မြင်တွေ့ခွင့်ရချင်တာက စိတ်လှုပ်ရှားတာထက်ပိုပါတယ်"ဟု ပြောကြားခဲ့သည်။

ပေါ်တူဂီဖိုက်တာကယ်လာဒိုကလည်း "ကျွန်တော့်ရဲ့ တိုက်ခိုက်ရေးအားကစားသမားဘဝအတွက် ဒီစာချုပ် ကခြေလှမ်းနောက်တစ်လှမ်းပါပဲ။ ကမ္ဘာ့အကောင်းဆုံးတိုက်ခိုက်ရေးအားကစားတစ်ရပ်မှာ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ခွင့်ရမှာက ကျွန်တော့်အတွက် ကျေနပ်စရာပါ။ လက်ဝှေ့က အနာဂတ်အားကစားဖြစ်လာသလို ကျွန်တော်လည်း ကမ္ဘာ့အဆင့်မှာလက်ဝှေ့ကို ကိုယ်စားပြုချင်ပါတယ်"ဟု ဖွင့်ဟခဲ့သည်။

ထို့အပြင် စပိန်ကစားသမားထရူဟီလိုက "WLC ရဲ့ ပထမဆုံးစပိန်ဖိုက်တာဖြစ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီအဖွဲ့အစည်းက အလျင်အမြန်တိုးတက်လာတဲ့အဖွဲ့အစည်းဖြစ်ပြီးလက်ဝှေ့ကလည်း ကျွန်တော့်အစွမ်းတွေကိုပြသခွင့်ရမယ့်အကောင်းဆုံးကြိုးဝိုင်းပါ" ဟု ပြောခဲ့သည်။

AMH(အားကစားသတင်းထောက်)






အခြားဆက်စပ်သတင်းများ