လူတိုင်းသည် အလုပ်တစ်ခုမဟုတ် တစ်ခု လုပ်ကိုင်ကြရ၏။ အစိုးရအလုပ်၊ ပုဂ္ဂလိက ကိုယ်ပိုင်အလုပ်၊ ရုံးအလုပ်၊ ကျောင်းအလုပ် စသည်ဖြင့် အလုပ်အမျိုးမျိုးရှိ၏။
မည်သည့်လုပ်ငန်းမဆို၊ အုပ်ချုပ်သူအရာရှိ၊ အတတ်ပညာရှင် နှင့် အခြေခံကျွမ်းကျင်လုပ်သားဟူ၍ ရှိကြ၏။ ယင်းတို့အားလုံးသည် သူ့ဆိုင်ရာ ဆိုင်ရာ အလုပ်တို့အပေါ် ကျွမ်းကျင်မှုအတတ်တို့ဖြင့် လုပ်ငန်းတစ်ခု အောင်မြင်စွာ ပြီးစီးရေးအတွက် အကောင်အထည် ဖော် ဆောင်ရွက်ကြရ၏။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအား ပြည်တွင်း ၊ ပြည်ပ၌ အလုပ်အကိုင်များ တိုးတက်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ အလုပ်သမားဝန်ကြီးဌာနသည် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်များကို ချိတ်ဆက်ပေး၍ အလုပ်ခန့် ထားခြင်း၊ လုပ်သားများအတွက် အခကြေးငွေနှင့် အချိန်ပို အခကြေးငွေများ သတ်မှတ်ရက်အတွင်း ခံစားစေခြင်း၊ လုပ်သက်ခွင့် နှင့် မီးဖွားခွင့်များ ဥပဒေနှင့်အညီ ခွင့်ပြုစေခြင်း၊ MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ၏။
အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့် OSH ဆိုင်ရာ တာဝန်ခံ ခန့်အပ်စေခြင်းတို့ကို လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းစေရန် အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းကြပ်မတ်လျက်ရှိသည်။
သို့ဖြစ်ရာ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များက တာဝန်ယူ၊ တာဝန်ခံခြင်းဖြင့် တက်ညီလက်ညီ ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။ အလုပ်သမားများသည် မိမိတို့လုပ်ကိုင်နေသော အလုပ်အကိုင် ကျွမ်းကျင်စွာ လုပ်ကိုင်နိုင် စေရန် အမြဲတစေ ကြိုးစားအားထုတ်၍ ကျွမ်းကျင်မှုကိုမြှင့်တင် ကြရမည်ဖြစ်ကာ လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှ လုပ်ငန်း ဖော်ဆောင်လုပ်ကိုင်နိုင်မည်ဖြစ်၍ ကျွမ်းကျင်မှုသင်တန်းကျောင်း များသည် အရေးပါသည်ဟု ဆိုချင်ပါကြောင်း။