ဧရာဝတီမြစ်ညာ မြစ်ဝှမ်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန် ၃၀ ရက်မှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက် လာပြီး ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက် များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
ဇူလိုင် ၉ ရက်က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က မြစ်ရေကြီးမှုအခြေအနေများကို ထုတ်ပြန်ထားရာ ဧရာဝတီမြစ် ရေသည် ဗန်းမော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့်၊ ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့်၊ ကသာမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် နှစ်ပေ ခန့်၊ မန္တလေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်၊ စစ်ကိုင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်၊ သပိတ်ကျင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် သုံးပေ ကျော်ခန့် ရောက်ရှိနေသည်။
အလားတူ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ မုံရွာမြို့၊ ဖောင်းပြင်မြို့၊ ဒုဋ္ဌာဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် လည်းကောင်း၊ နန့်ယင် ချောင်းရေသည် မိုးကောင်းမြို့တွင် လည်းကောင်း၊ နန့်ကောင်း ချောင်းရေသည် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် တည်ရှိနေကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ သဘာဝဘေးန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေး အတွက် လိုအပ်သည့်သတင်းအချက်အလက်များကို ရယူနိုင်ခြင်း သည် အရေးကြီးဆုံးအချက် ဖြစ်သည်။ အထူးသဖြင့် မိုးလေဝသနှင့် မြစ်ရေဆိုင်ရာ သတင်းထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် သိရှိနေရန် လိုသည်။ ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC) ကလည်း နိုင်ငံတကာ ဝက်ဘ်ဆိုက်များ တွင် စောင့်ကြည်လေ့လာ၍ မိုးရွာသွန်းမှုအခြေအနေများ မြစ်ရေ အခြေအနေများကို ပြည်သူများကို အသိပေးလျက်ရှိသည်။ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များကို မီဒီယာများနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် စဉ်ဆက်မပြတ် ထုတ်ပြန်အသိပေးလျက်ရှိသည်။
သို့ဖြစ်ရာ မိုးလေဝသနှင့် ဇလဗေဒထုတ်ပြန်ချက်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကြိုတင်သတိပေးမှုများကို အထူး ဂရုပြုလိုက်နာဆောင်ရွက်ခြင်းဖြင့် ရေဘေးအန္တရာယ်မှ ကင်းဝေး စေချင်ကြောင်း။ ။