နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင့်မိသားစုကျန်းမာရေး ခဝဲသီးစားသုံးပေး

ဇူလိုင် ၅

အစိမ်းရောင်နွယ်ပင် ခဝဲသီးအပင်လေးများ (Ridge Gourd)   ပေါက်ရောက်ရာ ဇစ်မြစ်သည် အာဖရိကတိုက်၏ သဲကန္တာရထဲရှိအိုအေစစ်များ ဖြစ်ကြပြီး ထိုမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ပျံ့နှံ့လာခြင်း ဖြစ်ကြောင်းကို ထူးဆန်းအံ့သြဖွယ် လေ့လာသိရှိရသည်။

ထွက်နှုန်းကောင်း မြန်မာ့ခဝဲ
*******************
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် ရာသီပေါ် ခဝဲစိုက်ခင်းများကို အရည်အသွေး ပြည့်မီစွာ စိုက်ပျိုးလျက်ရှိသည်။ လက်ရှိကာလတွင် ခဝဲသီး လှိုင်လှိုင်ပေါ်နေပြီး တစ်ပိဿာလျှင် ငွေကျပ် ၇၅၀ ဖြင့်  ဖောက်သည်ပေးရသည်။ ခဝဲတစ်ဧက စိုက်ပျိုးပါက တစ်ရက်ခြား ခူးဆွတ်ပေးရပြီး တစ်ကြိမ်ခူးပါက ပိဿာ ၂၀၀ ကျော်အထိ ရရှိသည်။ ခဝဲစိုက်ပျိုးရာတွင် အရည်အသွေးပြည့်မီစေရန်အတွက် မျိုးကောင်း၊ မျိုးသန့်များကို ရွေးချယ်ဝယ်ယူ စိုက်ပျိုးကြသည်။ ခဝဲမျိုးစေ့ တစ်ထုပ်လျှင် ငွေကျပ် ၆၅၀၀ ပေးရပြီး တစ်ဧကလျှင် မျိုးစေ့ထုပ် ၈ ထုပ်ခန့် စိုက်ပျိုးကြသည်။  ခဝဲသီးနှံစိုက်ပျိုးခြင်းသည် အရှုံးမရှိသည့်အတွက် နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရသည်။

ခဝဲသီးစားဖွယ်စုံ
--------------------
လတ်ဆတ်သော ခဝဲသီး၏အရောင်သည် အစိမ်းရင့်ရောင်ဖြစ်ကာ အပေါ်ယံအရေပြားအခွံ၏ မြောင်းအချွန်းကလေးများသည် တောင့်တင်းနေကြ၏။ အပင်မှ မရင့်မှည့်ခင် အသီးကို ခူးဆွတ်ပေးရပါမည်။ သို့မဟုတ်ပါက အထဲရှိ အသားမျှင်များသည် သစ်သားကဲ့သို့မာကျောလာပါလိမ့်မည်။ အရသာချိုအေးကာ ရနံ့လည်းရှိသောခဝဲသီးကို သူ့ချည်းသက်သတ်လွတ်ကြော်ခြင်း၊ အခြားဟင်းရွက်တို့ဖြင့် ရောနှောကာ အစိမ်းကြော်ခြင်း၊ နှစ်သက်ရာ ကြက်ဥ၊ ဘဲဥ၊ အသားပြုတ်တို့ဖြင့် မွှေကြော်ခြင်း၊ ပဲကြာဆန်ရောနှော၍ ကြော်ချက် ချက်ခြင်း စသည်ဖြင့် အမျိုးမျိုးစားသုံးနိုင်သည််။

ခဝဲသီးနှင့် ကျန်းမာရေး
-     ခဝဲသီးထဲတွင် လူသားတို့ကျန်းမာရေးကို ကောင်းကျိုးပြုစေသည့်  ဗီတာမင်နှင့် သတ္တုဓာတ်              (၁၀)မျိုး ပါရှိသည့်ပြင် ဘေးဥပဒ်ဖြစ်စေသော ပြည့်ဝဆီနှင့်  ကိုလက်စထရောတို့ ပါဝင်မှုလွန်စွာ နည်းပါးသည်။  ထို့ပြင် ရေဓာတ် ပါဝင်မှု မြင့်မားခြင်းကြောင့် အဝလွန်သူများနှင့် ကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများအတွက် အသင့်တော်ဆုံးဖြစ်သည်။
-    ချိုအေးသောအရသာရှိကာ၊ အစာကြေညက်လွယ်စေပါသည်။
-    အိန္ဒိယနိုင်ငံတွင် ပန်းနာရင်ကျပ်ရောဂါနှင့် အသည်းရောင်အသားဝါ ဝေဒနာသည်များကို ဆေးမြီးတိုအဖြစ် ခဝဲသီးဖျော်ရည်တခွက်ကို သကြား ၂ဇွန်းရောကာ၊ တနေ့နှစ်ကြိမ်တိုက်ကျွေးလေ့ရှိသလိုခဝဲသီးအစေ့ကို အခြောက်လှမ်းအမှုန့် ကြိတ်၍လည်း သောက်သုံးနိုင်သည်။

-    ခဝဲသီးသည် အရက်သေစာသောက်သုံးခြင်းကြောင့် အသည်းထိခိုက်မှုကို ကာကွယ်ပေးသည့် အပြင်၊ အသည်းကို သန့်စင်စေကာ အာဟာရပြန်လည်ဖြည့်တင်းပေးသဖြင့် အရက်ဇိုးသမားများအတွက် အထူးသင့်လျော်သည်။

- ခဝဲသီးတွင် အင်ဆူလင်ဓာတ် ပါဝင်သောကြောင့် သွေးနှင့်ဆီးထဲရှိ သကြားပမာဏတို့ကို ထိန်းညှိ ပေးနိုင်သည်။
- ဆဲလ်လူလို့စ်ပါဝင်ခြင်းကြောင့် အစာအိမ်ကိုကောင်းကျိုးပြုကာ လိပ်ခေါင်းရောဂါကို ကာကွယ် ပေးသည်။ ဝမ်းကိုက်ရောဂါအတွက် အရွက်ပြုတ်ရည်ကိုလည်းကောင်း၊ ဝမ်းပျော့ဆေးအဖြစ် အစေ့ကို ဝါးစား၍သော်လည်းကောင်း၊ အစာအိမ်ထဲရှိ တုပ်ပြား၊ သန်ကောင်ပြားများကို သေစေရန်အတွက် ခဝဲသီးတလုံးကို ရေ နှစ်ခွက်ဖြင့်ပြုတ်ကာ ဆားရော၍ တစ်နေ့ တစ်ကြိမ်မျှ သောက်ပေးခြင်းဖြင့်လည်းကောင်း ဘက်စုံအသုံးပြုနိုင်သည်။

-    အပူငြိမ်းစေ၍ ခန္ဓာကိုယ်အတွင်းပိုင်းကို အေးမြစေကာ ဆီးရွှင်စေသည်။ ဆီးကျောက် ကြေစေရန်အတွက် ခဝဲသီးပင်အမြစ်ကို နွားနို့ဖြင့် ပြုတ်သောက်ပေးသင့်သည်။

-     နံနက်အိပ်ရာထ ခဝဲသီးကို မိမိနှစ်သက်ရာအသီးအနှံတစ်ခုခုဖြင့်ရော၍ အရည်ညှစ် သောက် ပေးပါက ကိုယ်ခံစွမ်းအား တိုးတက်ကောင်းမွန်စေကာ ပြင်ပရောဂါများအလွယ်တကူ ကူးစက်ခြင်းမှလည်း ဟန့်တားကာကွယ်ပေးနိုင်သည်။
-    သရက်ရွက်ကို ကျန်းမာစေသည်။
-    သငံရည်(သားနံရည်)ထွက်သော ရောင်ရမ်းသည့်အနာများအတွက် ခဝဲသီးပင်အမြစ်ပြုတ်ရည်ကို ဖန်ရည်အဖြစ် ဆေးပေးနိုင်သည်။
-    ဝဲနှင်းခူ၊ ပွေးကွက်၊ ဒက်၊ အရေပြားယားယံကာအနီကွက်ထခြင်း စသည့်အရေပြားရောဂါ များအတွက် ခဝဲသီးပင်အရွက် သတ္တုရည်ဖြင့်လည်းကောင်း၊  ခဝဲသီးအစေ့မှ ထုတ်လုပ်သော အဆီဖြင့် လည်းကောင်း လိမ်းကျံပေးနိုင်သည်။ အနာကြီးရောဂါသည်များ ခဝဲသီးပင်အရွက်သတ္တုရည်ကို ကြက်သွန်ဖြူဖြင့် ရောစပ်လိမ်းပေးခြင်းဖြင့် ချမ်းသာရာရစေသည်။

-    ခဝဲသီးကိုအခွံမနွှာဘဲ ခပ်ပါးပါးလှီး၍ နေပူပူတွင်အခြောက်ခံကာ ရရှိလာသောအမှုန့်ကို အုန်းဆီ ပုလင်းထဲစိမ်၍ လိမ်းပေးခြင်းဖြင့် အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးသည်။
-    ဘီတာကယ်ရိုတင်းဓာတ် မြင့်မားစွာပါရှိခြင်းကြောင့်အမြင်အာရုံကို တိုးတက်ကောင်းမွန် စေသည်။ မျက်လုံးအမြှေးပါး ရောင်ရမ်းခြင်းနှင့် မျက်စိစွန်ခြင်းတို့အတွက် ခဝဲသီးသတ္တုရည်ကို မျက်စင်းအဖြစ် ဘေးဥပဒ်ကင်းဝေးစွာ ခတ်ပေးနိုင်ပါသည်။

-    အန်ဆေး၊ သလိပ်ပုပ်ထုတ်ဆေးအဖြစ် အသုံးဝင်သည်။
-    ထိခိုက်ပြတ်ရှဒဏ်ရာများအပေါ် ခဝဲသီးအနှစ်သားကို လိမ်းအုံပေးခြင်းဖြင့် သွေးတိတ်စေကာ အနာမြန်မြန်ကျက်စေသည်။
-    ခဝဲသီးကို မခူးဆွတ်သေးဘဲ အပင်ပေါ်တွင် ရင့်မှည့်ခြောက်သွေ့သွားသည် အထိပစ်ထားလိုက်ပါ။ ထို့နောက်အပင်ပေါ်မှ ခူးဆွတ်ကာ အသီး၏အပေါ်ယံအခွံကိုခွာ၍ အစေ့များကိုဖယ်ထုတ်ကာ အသီးထဲရှိ အမျှင်များကို ရေမြှုပ်ရော်ဘာအဖြစ် မိမိနှစ်သက်ရာဆပ်ပြာဖြင့် ရေချိုးသန့်စင်နိုင်ပါသည်။

ခဝဲသီးသည် သွေးကိုသန့်စင်ပေးနိုင်သာ အစွမ်းသတ္တိရှိခြင်းကြောင့် ဝက်ခြံအဖုအပိန့်များကို ပျောက်ကင်းစေကာ၊ ခန္ဓာကိုယ်ပေါ်ရှိ  ဆဲလ်အသေများကို ဖယ်ရှားပေးပြီး အရေပြား ပြန်လည်စိုပြည်ချောမွေ့လာစေပါမည်။ (သို့သော် မလိုလားအပ်သော မှိုအန္တရာယ်မှကင်းဝေးစေရန် ထိုရေမြှုပ်ရာဘာကို တစ်ကြိမ်သုံးပြီးတိုင်း ချေးညှော်အညစ်အကြေးများ သန့်စင်သည်အထိ စင်ကြယ်စွာဆေးကြော အခြောက်ခံပြီးမှသာ နောက်တစ်ကြိမ်အသုံးပြုသင့်ပါသည်)
စျေးနှုန်းသက်သာပြီး ချက်ပြုတ်ရာတွင် မြန်ဆန်လွယ်ကူသော မိမိလက်တစ်ကမ်းရှိ အစိမ်းရောင် ခဝဲသီးလေးများကို မိသားစု ကျန်းမာရေးအတွက် လက်လွတ်မခံသင့်ပါကြောင်း သတင်းကောင်း……။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ