နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်နှင့် သာကေတမြို့နယ် အနော်မာရပ်ကွက်တို့တွင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားနေကြောင်း သတင်းအရ ဇူလိုင် ၅ ရက်က ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေါပုံမြို့နယ် အောင်မင်္ဂလာရပ်ကွက် အောင်သိဒ္ဓိဓမ္မာရုံတွင် ဖွင့်လှစ်ထားရှိသည့် ယာယီဆေးပေးခန်းသို့ရောက်ရှိကြရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ နေအိမ်ရှိအခန်းများ အားလုံးနှင့် အိမ်သာများကို ကလိုရင်းဆေးရည်ဖြင့် ကြမ်းတိုက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများ ဆောင်ရွက်စေပြီး Water Purification Tablets များ ဖြန့်ဝေခြင်း၊အလားတူ ရောဂါထပ်မံဖြစ်ပွားသူ ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွယ်အေး ရပ်ကွက်အတွင်း အိမ်သာတည်ဆောက်အသုံးပြုမှုများနှင့် ရေသုံးစွဲ မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ အား လိုအပ်သည်များ မှာကြားသည်။

အဆိုပါ နွယ်အေးရပ်ကွက်တွင် အိမ်ခြေ ၁၆၆ အိမ်၊ လူဦးရေ ၆၄၆ ဦး နေထိုင်ကြပြီး သုံးရေအဖြစ် လက်နှိပ်တုံကင်ရေနှင့် မိုးရေ ကိုအသုံးပြုကြကာ သောက်ရေအဖြစ် ရေသန့်ဘူးများကို အသုံးပြု ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာကေတ မြို့နယ် ထူပါရုံရပ်ကွက်နှင့် အနော်မာရပ်ကွက်တွင် ဂျိုးဖြူရေ ပေးဝေနေသည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် အနော်မာ ရပ်ကွက် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသည့် နေအိမ်များတွင် သိုလှောင်ထားသော ရေကန်များ၊ တိုင်ကီများ၊ အုတ်ကန်များ ကို Stock Solution ဖျော်၍ ကလိုရင်းဆေးခတ်ခြင်း၊ Water Purification  Tablets များ ခတ်ခြင်းနှင့် ဖြန့်ဝေခြင်း၊ ရောဂါ ဖြစ်ပွားသည့် နေအိမ်များမှ သောက်ရေနှင့် သုံးရေကို ရေနမူနာ များယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ပေးပို့ ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အလားတူ ရောဂါထပ်မံ ဖြစ်ပွားမှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုနိုင်ရေးအတွက် အနော်မာ ရပ်ကွက် လမ်းသစ်(၂)လမ်း ရတနာသီရိဓမ္မာရုံတွင် ဆေးခန်းဖွင့်လှစ် ထားရှိပေးထားသည်။ ဝမ်းပျက်၊ ဝမ်းလျှောခြင်းကြောင့် ဆေးရုံ တက်လူနာ ရှစ်ဦး၊ ဆေးရုံပြင်ပလူနာ နှစ်ဦး၊ ကျန်းမာရေးဌာနက ကွင်းဆင်းကုသပေးစဉ် တွေ့ရှိခဲ့ရသောလူနာ နှစ်ဦး၊ စုစုပေါင်း ဝမ်းပျက်ဝမ်းလျှော လူနာဦးရေ ၁၂ ဦးရှိခဲ့ရာ ၎င်းတို့အနက်မှ တစ်ဦးသည် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်မဟုတ်ဘဲ ခုခံအား ကျဆင်းမှု ရောဂါအခံရှိ၍ သေဆုံးကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်များအတွင်း ဆေးခန်းဖွင့်လှစ်၍ ရောဂါစောင့် ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်ထားရှိပေးထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူနာများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက သာကေတမြို့နယ် သာကေတအဝိုင်းတွင် မြို့နယ်နေပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန်နေရာနှင့် ဧရာဝဏ်ရေပေးဝေရေးစခန်း (၂) ရေဂါလန် နှစ်သိန်းဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား သည်။







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ